လောင်းလုံး၊ ဇန်နဝါရီ(၁၂)
တနင်္သရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၅ နာရီလောက်က စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ ရောက်ရှိလာပြီးနောက် နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေဟာ ဟင်းချိုတောရွာကို လှေနဲ့ရောက်ရှိလာပြီးနောက် ဒေသခံနေအိမ် ၅ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာပါ။
ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ ပျူစောထီးအဖွဲ့ဝင်တွေက လက်ညှိုးထိုးပြတဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်းနဲ့ မီးမရှို့ခင်နေအိမ်အနီးပတ်ဝန်းကျင် ပြည်သူတွေရဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့မီးရှို့မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ပြီး ကျန်နေအိမ်၂ လုံးမှာလည်း မီးငြိမ်းသတ်နိုင်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုများပြားတယ်လို့ သိရပါတယ်။
ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေဟာ ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ပြီးနောက် မနက် ၁၁ နာရီလောက်မှာ ကျောက်နီမော်ရွာကနေ ညင်းမော်မြစ်အတိုင်း ဆန်တက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတဲ့ နေအိမ်တွေဟာ သာမန်ပြည်သူတွေနေထိုင်တဲ့ အိမ်ကြီးအိမ် ကောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလကုန်အထိ နေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သတင်း – သံလွင်တိုင်းမ်