ရေး – ဇန်နဝါရီ(၁၂)
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်၊ အုန်းတောအစုမှာ ဇန်နဝါရီ ၁၁ ရက်နေ့ ည ၈ နာရီလောက်က ဒုရဲမှူး တစ်ဦးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ထုတ်ပြန်ပါတယ်။
ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတက်ကြောင်း သတင်းအရ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်တာ ဖြစ်ပါတယ်။
ပြည်သူတွေကို လက်နက်ပြ၊ အနိုင်အကျင့်၊ ခြိမ်းခြောက်ငွေညှစ်နေတဲ့ ဒုရဲမှူး လှိုင်မင်းသန့်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ဆိုပါတယ်။
ဒေသခံတစ်ဦးကတော့ ဒုရဲမှူး လှိုင်မင်းသန့် မိုင်းဆွဲခံရတာ မှန်ကန်ကြောင်းနဲ့ ထိခိုက်သေဆုံး အခြေအနေ အသေးစိတ် မသိရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့(YGF) ကတော့ တော်လှန်ရေးမှာ ဒီထက်ကောင်းမွန်တဲ့ အစီအစဉ်တွေ ဆက်လုပ်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့နဲ့ သွေးမအေးကြဖို့ တိုက်တွန်းထားပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့(YGF) ဟာ ဇန်နဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းတုန်းက ရေးမြို့နယ်၊ လမိုင်းမြို့ရှိ နှစ်ကရင်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးထားသလို ကြိုးတံတားကျေးရွာက စစ်ကောင်စီကင်းစခန်းကိုလည်း လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့မှာ ရဲသတင်းတပ်ဖွဲ့က ရဲအုပ်ညီညီဝင်းကို ပစ်ခတ်ရှင်းလင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်