ရေး – ဇန်နဝါရီ(၁၁)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ရှိ၊ စစ်ကောင်စီ နှစ်ကရင်နယ်မြေရဲစခန်းကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁ နာရီအချိန်လာက်မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။
အဲဒီနယ်မြေရဲစခန်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လာရောက်နေထိုင်နေတယ်ဆိုတဲ့ သတင်းအရ ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။
ရဲစခန်းဝင်ရောက် စီးနင်းစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မရှိတော့အတွက် စခန်းအတွင်းရှိ ပစ္စည်းတွေနဲ့ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရဲစခန်းမီးရှို့ဖျက်ပြီးနောက် ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်မှာလည်း ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာမှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့BGF ပူးပေါင်းတပ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီနဲ့BGF ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့BGF ပူးပေါင်းတပ် တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ် အခြေစိုက်စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၈၈) ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ကြိုးတံတားကျေးရွာမှာ စခန်းချ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့BGF ပူးပေါင်းတပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့တုန်းကလည်း ရေးပြောက်ကျားတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်