ပေါင်၊ ဇန်နဝါရီ(၁၂)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာဘူတာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ည ၇ နာရီလောက်မှာ ကုန်တင်ရထား မိုင်းဆွဲခံလိုက်ရပေမယ့် ရထားခရီးစဉ်ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမယ်လို့ မော်လမြိုင်ဘူတာတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံဘူတာကနေ မော်လမြိုင်ဘူတာကို မောင်းနှင်းလာတဲ့ ကုန်တင်ရထားဟာ ရွာတန်းရှည်ကျေးရွာဘူတာအနီး ရထားလမ်းမိုင်တိုင်အမှတ်၊ ၄၆၈(၂၁/၂၄)ကြားအရောက်မှာ မိုင်းဆွဲခံလိုက်ရတာ ဖြစ်ပါတယ်။

ကုန်တင်ရထား မိုင်းဆွဲခံလိုက်ရတာကြောင့် ရထားသံလမ်း ၅ ပေကျော် ပြတ်တောက်ခဲ့ပြီး ကုန်ရထားတွဲ ၄ တွဲ တွဲချော်ခဲ့ပေမယ့် တိမ်းမှောက်တာမရှိဘူးလို့ သိရပါတယ်။

ကုန်တင်ရထားမိုင်းဆွဲခံရတဲ့အတွက် ပျက်ဆီးသွားတဲ့ရထားလမ်းကို ညတွင်းချင်းပြင်ဆင်နိုင်ခဲ့ကြောင်းနဲ့ မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်တွေကို ပုံမှန်အတိုင်းပြေးဆွဲပေးသွားမယ်လို့ မော်လမြိုင်ဘူတာ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်- မော်လမြိုင်ကုန်တင်ရထားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့တုန်းကလည်း သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွင်းကူးတိုးဂိတ်အနီးမှာ မိုင်းဆွဲခံထားရတာပါ။

မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်တွေကို တစ်ပတ်လျှင် တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ သောကြာ ၃ ရက်အဖြစ် နေ့ရောညပါ ပြေးဆွဲပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့တုန်းက ညရထားခရီးစဉ်တစ်ခု မိုင်းဆွဲခံရပြီးနောက် ညရထားပြေးဆွဲမှုရပ်နားထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.