ဘန်ကောက် – ဇန်နဝါရီ(၁၂) 

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေကြေးခဝါချမှုတွေကြောင့် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံ ထားရတဲ့ ခရိုနီ ဦးထွန်းမင်းလတ်ပိုင်ဆိုင်တဲ့ တိုက်ခန်းထဲမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီး တွေရဲ့ ပိုင်ဆိုင်မှုတွေကို အာဏာပိုင်တွေက တွေ့ရှိထားတယ်လို့ အမှုနဲ့ နီးစပ်သူတွေက ရိုက်တာ ကို ပြောပါတယ်။ 

ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံသား(၃) ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ အသက် (၅၃) နှစ်အရွယ် ဦးထွန်းမင်းလတ်ရဲ့ နေအိမ်မှာ စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးပိုင်ဆိုင် တဲ့ စာရွက်စာတန်းတွေ၊ ဘဏ်စာအုပ်တွေကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တာပါ။ 

ဦးထွန်းမင်းလတ် ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အနီးကပ် ဆက်ဆံရေးရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပြီး သူဟာ စစ်ခေါင်းဆောင်အလိုကျ လက်နက်တွေ ဝယ်ယူပေးရသူဖြစ်ပြီး ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ လက်နက်ပြပွဲတစ်ခုမှာ စစ်ခေါင်းဆောင်နဲ့အတူ ရုပ်လုံးထွက်ပြခဲ့သူဖြစ်ပါတယ်။ 

စစ်ဆေးတွေ့ရှိထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးတို့အနေနဲ့ အရေးယူခံရနိုင်တာမရှိဘူးလို့ သိရပြီး ဖမ်းဆီးခံထားရသူကို စုံစမ်းစစ်ဆေးမှုတွေမှာလည်း သူတို့ နှစ်ဦးနဲ့ သက်ဆိုင်တာမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

 နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ ခံနေရတဲ့ ဦးအောင်ပြည့်စုံနဲ့ ဒေါ်ခင်သီရိသက်မွန်တို့ကို ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်သွားကြပါတယ်။ 

အမေရိကန်အစိုးရကတော့ သူတို့နှစ်ဦးဟာ ဖခင်ဖြစ်သူ ရဲ့ ရာထူးနဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကနေ အကျိုးဖြစ်ထွန်းနေသူတွေဖြစ်တယ်လို့ ပြောပါတယ်။ 

ရိုက်တာက မြန်မာစစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဘက်က တုံ့ပြန်ဖြေဆိုတာမရှိပေမယ့် ထိုင်းအာဏာပိုင်တွေ သိမ်းဆည်းရမိထားတဲ့ စာရွက်စာတမ်းတွေအရ ဦးထွန်းမင်းလတ်နဲ့ အာဏာသိမ်း မိသားစုတို့ဟာ အနီးကပ်ဆက်ဆံရေး ရှိသူတွေဖြစ်တယ်လို့ ညွှန်ပြနေတာဖြစ်ပါတယ်။ 

လက်တလောသိမ်းဆည်းရမိခဲ့တာတွေဟာ ထိုင်းနိုင်ငံမှာ ဖွက်ထားတဲ့ အာဏာသိမ်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေဖြစ်နိုင်ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းအစိုးရကို Justice for Myanmar အဖွဲ့က တောင်းဆိုထားပါတယ်။ 

ဥပဒေပြုအေဂျင်စီတွေနဲ့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချာဆီရီ တို့ကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ 

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့၊မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ရုံး နဲ့ ဦးထွန်းမင်းလတ်ရဲ့ ရှေ့နေတွေကိုလည်း ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါ ဘူး။ 

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံထားရတဲ့ မြန်မာခရိုနီ ဦးထွန်းမင်းလတ်ကို ထိုင်းတရားရုံးမှာ တရားခွင်အကြိုစစ်ဆေးမှုတွေလုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.