ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အတွင်းရေးမှူး(၂) မာဝီနဲ့ဆက်သွယ်မေးမြန်းချက်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အခုအခါမှာတော့ လူထုထောက်ခံနဲ့အတူ တပ်အင်အား ပိုမိုကြီးထွားလာသလို ကယားပြည် နယ်ရဲ့ နေရာအများစုကိုလည်း ထိန်းချုပ်လာနိုင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီအမျိုး သားကာကွယ်ရေးတပ် (KNDF) ရဲ့ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ၊ ၂၀၂၃ ခုနှစ်အတွင်း ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ၊ ဘယ်လိုရည်မှန်းချက်တွေထားရှိထားလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အတွင်း ရေးမှူး(၂) မာဝီနဲ့ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး KNDF အနေနဲ့ အာဏာသိမ်း ၂ နှစ်နီပါးကာလအတွင်းကယားပြည်နယ်ကို ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်ပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။

ထိန်းချုပ်နယ်မြေဆိုတာထက် လှုပ်ရှားသွားလာရတဲ့ နယ်မြေပေါ့နော်။ ကျွန်တော်တို့ကအဲဒီလို အခုချိန်ထိတော့ ထိန်းချုပ်နယ် မြေဆိုတဲ့ဟာမျိုးထက် ကျွန်တော်တို့အပိုင်းလိုက်ခွဲထားတာပေါ့လေ။ ကျွန်တော်တို့ချည်းပဲရှိတဲ့ ကျွန်တော်တို့ အေးဆေးလွတ် လပ်သွားလာလို့ရတယ်ဆိုတဲ့ နယ်မြေပေါ့။ နောက်တစ်ခုကတော့ စစ်ကောင်စီလည်း သွားလာတယ်။ ကျွန်တော်တို့လည်း သွားလာ တယ်။ အဲဒီလိုနယ်မြေတွေပေါ့နော်။ အဲဒီလိုမျိုးရှိတယ်။ ပြီးရင် စစ်ကောင်စီတပ်စွဲထားတယ်ပေါ့။ ကျွန်တော်တို့ဝင်လို့မရတဲ့ စစ်ကောင်စီနယ်မြေတွေ ဒီလိုမျိုး ကျွန်တော်တို့ပိုင်းခြားထားတာပေါ့။ ဆိုတော့ ကရင်နီရဲ့တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ဆိုရင် ကျွန်တော်တို့ချည်းပဲရှိတယ်ဆိုတဲ့မြေက ပိုပြီးတော့များတာပေါ့လေနော်။ ၇၀၊ ၇၅ ရာခိုင်နှုန်းကျော်ကျော်ကတော့ ကျွန်တော်တို့ ချည်းပဲရှိတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ကျွန်တော်တို့ပညာရေးနဲ့ သွားနေတဲ့ အခြေအနေတွေရှိတာပေါ့လေ။

နယ်မြေထိန်းချုပ်တယ်ဆိုတာက ကိုယ့်ရဲဘော်တွေ ကင်းဘယ်လောက် ရှေ့တိုးယူနိုင်လဲဆိုတဲ့ဟာမျိုးပဲ ကျွန်တော်တို့ တိုင်းတာ မဟုတ်ဘူးလေ။ အဲဒီနယ်မြေရဲ့နောက်ကွယ်မှာ ပညာရေးကိစ္စတွေ ဘယ်လောက်လုပ်နိုင်လဲ၊ ကျန်းမာရေးကိစ္စတွေ ဘယ်လောက် လုပ်နိုင်သလဲ။ စီးပွားရေးတွေ၊ လူမှုနေထိုင်မှုတွေဘယ်လောက်အထိ တိုးတက်သလဲ၊ ဒါတွေကြည့်ရတာဖြစ်တဲ့အတွက်ကြောင့် တစ်ခါတလေကျရင်လည်း တချို့နေရာတွေမှာ အားနည်းတဲ့ဟာတွေက ပြောဖို့ခက်တာပေါ့လေ။ ဒီနေရာက ငါတို့်ထိန်းချုပ်ပါတယ် ဆိုပြီး တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ အဲဒီနေရာတွေအထိသွားလို့ရတယ်။ လှုပ်ရှားလို့ရတယ်ဆိုပေမယ့် နောက်မှာ ဟိုအရေး၊ ဒီအရေးတွေ လုပ်ဆောင်လို့ မရတဲ့ဟာမျိုးတွေရှိတာပေါ့လေ။ ဆိုတော့အဲဒီလိုအခြေအနေတွေကို ကျွန်တော်တို့က ထည့်တွက်စဉ်း စားရပါတယ်။ အဲဒီအတွက်ကြောင့် ကရင်နီတစ်ပြည်လုံး အတိုင်းအတာဆိုရင်တော့ ကျွန်တော်တို့က ၇၀၊၇၅ရာခိုင်နှုန်းက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိတယ်ပေါ့လေ။ ကျန်တဲ့ ၂၅ရာ ခိုင်နှုန်းကရယူနိုင်ဖို့ရာအတွက်ကိုလည်း ကျွန်တော်တို့ နေ့စဉ်ကြိုးစားနေတဲ့အခြေအနေရှိပါတယ်။

-ကယားပြည်နယ်ထဲမှာ လက်ရှိစစ်ရေး အခြေအနေက ဘယ်လိုတွေဆက်ရှိနေလဲ။ စစ်ကောင်စီတပ်ကရော ဘယ်လို စစ်ရေးပြင်ဆင်တာတွေ လုပ်ဆောင်နေလဲ။

စစ်ကောင်စီဘက်ကတော့ တရားဝင်၊ တရားမဝင်ပေါ့လေ။ ပစ်ခတ်ရပ်တာတို့၊ ဘာတို့စကားတွေ ဒီလိုမျိုး မီဒီယာတွေအပေါ်မှာ ကြားသိနေရတာတွေ ကျွန်တော်တို့ ရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း ရှေ့ကိုမတိုး နောက်မဆုတ် ရောက်တဲ့နေရာမှာ ရပ်နေ တဲ့အခြေအနေလေးတွေတော့ ရှိတယ်။ သို့သော် လက်နက်ကြီး ပစ်ခတ်တာတို့ဘာတို့ကတော့ နေ့စဉ်နဲ့အမျှ ရှိတယ်ပေါ့လေ။ စစ်ရေးအရတော့ မြေပြင်ထိတွေ့ တိုက်ပွဲကြီးတွေ ကတော့နည်းတယ်ပေါ့လေ။ ခြုံခိုတိုက်တာတွေ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ကတော့ ရှိတယ်ပေါ့လေ။ သို့သော် နှစ်ဖက်ထိတွေ့ပြီး စခန်းသိမ်းတာတွေတော့ နည်းသေးတယ်ပေါ့။ ဆိုတော့ ဒီလိုအခြေအ နေမျိုးမှာ ရှိပါတယ်။ တစ်နှစ်ကုန်သွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ ပြင်ဆင်ဖြည့်စွက်ရတဲ့ဟာတွေ နောက် ခြေ လှမ်းတစ်လှမ်းအတွက် ကျွန်တော်တို့ အဆင့်သင့်ဖြစ်အောင် လုပ်နေရတဲ့ အခြေအနေတွေလည်း ရှိတာပေါ့လေ။ အဲဒီတော့ ဒီကာလကတော့ နည်းနည်းလေးအေးနေတယ်ဆိုတဲ့ ကာလလေးဖြစ်တာပေါ့လေနော်။

-၂၀၂၃ ခုနှစ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)အနေနဲ့ ဘာတွေဆက်လုပ်သွားဖို့ စီစဉ်ထားလဲ။ ဘယ်လို ရည်မှန်းချက်တွေ ထားရှိထားလဲ။

ဆောက်ဖြစ်မှ ကျောင်းဒကာပါ။ ကျွန်တော်တို့ကတော့ အဲဒီလိုတွေးပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ အောင်မြင် အောင် နှစ်တွေပေါ်မှာ မူတည်တာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ နေ့တိုင်းဒီ အလုပ်ကိုလုပ်နေတယ်။ ၂၀၂၃ထဲမှာလည်းဆက်တိုက် လုပ်သွားဖို့ ကျွန်တော်တို့မှာ ရည်မှန်းချက်ရှိပါတယ်။ အဲဒီတော့ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ရဲ့မြေတွေ မဆုံးရှုံးအောင် ကျွန်တော်တို့ ရဲ့ကျေးရွာတွေ၊ ရပ်ရွာတွေ စစ်ကောင်စီလာပြီးတော့မှ ကျုးကျော်ထားတဲ့နေရာတွေ ပြန်ရရှိအောင် နေ့စဉ်နဲ့အမျှလုပ်သွားပါမယ်။ ၂၀၂၃ထဲမှာလည်း ကျွန်တော်တို့ ဆက်ကြိုးစားသွားမှာပဲ ဖြစ်တယ်ပေါ့။ စောနပြောတဲ့ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတဲ့ဟာ ကတော့ ကျွန်တော်တို့တစ်ခါတလေကျတော့လည်း အသံပဲလွှင့်ပြီးတော့မှ ဘာမှ မလုပ်တဲ့ဟာမျိုးတွေရှိတော့ တစ်ချို့တော့ ဆုတ်ယုတ်မှုတွေ ရှိတာပေါ့နော်။ ဥပမာဆိုရင် တိုက်တော့မယ်ဟေ့ ကြေငြာတယ်။ တခြားတယောက်ကကြေငြာတယ်။ မြေပြင် မှာရှိတဲ့ ကျည်ဆန်ဈေး၊သေနတ်ဈေးတွေ တက် ကုန်တယ်။ ဆိုတော့ ဒီဟာတွေလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ KNDF ကတော့ ကိုယ်လုပ်ပြီဆိုမှ လုပ်ပြီ ပေါ့လေ။ ကြိုတင်ပြီးတော့မှ ငါတို့တော့ ၂၀၂၃ထဲမှာ ဘာလုပ်ပါမယ်၊၂၀၂၄ထဲမှာ ဘာလုပ်ပါမယ်တော့ ပြောဖို့ ရာအတွက်တော့ မရှိဘူးပေါ့လေနော်။ ကျွန်တော်တို့ကလည်း လုပ်ပြီဆိုကျရင်တော့ အဲဒီအလုပ်ကို ငါတို့လုပ်တယ်ပေါ့။ အဲဒီလိုပါပဲဗျ။

-နောက်ဆုံးအနေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ရဲ့ လမ်းစဉ်နဲ့ အရပ်သားပြည်သူတွေ ယုံကြည်မှုရရှိအောင် ဘာတွေလုပ်ဆောင်ဖြစ်နေလဲ။ ပြောပြပေးပါဦး။

ကျွန်တော်တို့ KNDFကတော့ စစုဖွဲ့တဲ့အချိန်တည်းက လူတွေ မပြည့်စုံခင်တည်းကပေါ့။ မူကိုအရင်ချတယ်။ ငါတို့ကတော့ ဒီလမ်းကြောင်းအတိုင်းလုပ်မယ်။ ဒီရည်ရွယ်ချက်တွေပေါ့။ ဖယ်ဒရယ်ကို ကျွန်တော်တို့သွား မယ်။ စစ်ကောင်စီအမြစ်ပြတ်ရေးကို ကျွန်တော်တို့ သွားမယ်။ ပြည်သူလုထုကို အလုံးစုံကာကွယ်ရေးအတွက် သွားမယ်။ ဒီအတွက်ကြောင့်မို့ ငါတို့လုပ်တဲ့ အလုပ်တွေ ကတော့ ဒီအလုပ်တွေဖြစ်တယ်။ ငါတို့မလုပ်မှာတော့ ဒါတွေဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းချ မှတ်တယ်။ ခိုင်ခိုင်မာမာချမှတ်တယ်။ ဆွေးနွေးတယ်။ တတ်သိပညာရှင်တွေနဲ့လည်းဆွေးနွေးပြီး ချမှတ်တယ်။ ကျွန်တော်တို့တပ်ဖွဲ့ ကို ဝင်လာကြတဲ့ လူတွေက မင်းတို့ဒီအတိုင်းလိုက်နာဆောင်ရွက်နိုင်ရမယ်။ ဒါငါတို့ ရည်မှန်းချက်။ မင်းတို့ရဲ့ တော်လှန်ရေး လုပ်ချင်တဲ့ ရည်မှန်းချက်နဲ့ ကိုက်တယ်ဆို KNDF ကို ဝင်ပါဆိုတဲ့ဟာမျိုးပေါ့။ ဇွတ်အတင်းသွပ်သွင်းခဲ့တာမျိုး မရှိဘူးပေါ့။ ကျွန်တော်တို့ရဲ့ မူဝါဒက ဘာလဲငါတို့သွားမယ့်လမ်းစဉ်က ဘာလဲဆိုတဲ့ဟာကို ပြောပြပြီးတော့မှ တပ်ဖွဲ့ဝင်တွေကဝင်လာကြတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပထမတစ်ချက် ကျွန်တော်တို့မှာ အခြေခံအုတ် မြစ်ခိုင်မာတယ်ဆိုတဲ့ဟာကို ပြောလို့ရတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ နှစ်နှစ်တာအတွင်းမှာ ၁၀၀ရာခိုင်နှုန်း KNDF ကအကုန်လုံး အမှန်တွေပဲလုပ်ခဲ့တယ်လို့ ကျွန်တော်တို့ မဆိုလိုဘူး။ ကျွန်တော်တို့မှာ အားနည်းချက်တွေရှိတယ်။ ကျွန်တော်တို့ အမှားလုပ်တဲ့ဟာမျိုးတွေ ရှိတယ်။ ဒီဟာတွေကို တတ်နိုင်သ၍ပေါ့ ကျွန်တော်တို့ဘက်ကနေပြီးတော့ နိုင်စွမ်းသ၍ ကျွန်တော်တို့က ပြန်ပြီးတော့မှ ဒီအမှားတွေကို ပြုပြင်ပြောင်းလဲဖို့ ဒီအမှားတွေမှာ ပါဝင်ပတ်သက်သူတွေ ဒီအမှားတွေကို လုပ်တဲ့သူတွေရဲ့ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ဒါတွေ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ အနေအထားတွေအများကြီး ရှိတာပေါ့။ ကိုယ်လူမို့ဆိုပြီးတော့မှ ထိန်ချန်ထားတာမရှိဘူး။ ကိုယ့်လူမို့လိုဆိုပြီးတော့မှ ကာကွယ်ပေးထားတာမျိုး မဟုတ်ဘူးပေါ့။ ကျွန်တော်တို့မှာ ကျင့်သုံးတဲ့ ဟာက မှားရင်မှားတဲ့ဒဏ်ကို ကျွန်တော်တို့ခံရမယ်။ မှန်ရင်မှန်သလိုပဲ ချီးမြှောက်မှုကို ခံစားရမယ်ပေါ့။ ဆိုတော့ ဒီလိုမျိုးအခြေအနေတွေနဲ့ သွားတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.