လွိုင်ကော် – ဇန်နဝါရီ(၁၂)

ကယားပြည်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအင်အားစုတွေက တစ်နှစ်အတွင်းဒရုန်းနဲ့ ဝေဟင်တိုက်ခိုက်မှု (၁၂၅) ကြိမ်အထိလုပ်ဆောင်ခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။​

ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအရာရှိနဲ့ တပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြပြီး လက်နက်ခဲယမ်း၊အဆောက်အအုံတွေနဲ့ ထောက်ပို့ ယာဉ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို Anti- Drone Guns ၊Jammer တွေနဲ့ လက်နက်ကြီးတွေနဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို လွိုင်ကော် – PDF အပါအဝင် ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ Falcon Wings အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်အတွင်းမှာလည်း Falcon Wings အဖွဲ့နဲ့ လွိုင်ကော် PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီ ရဲ့ စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက ဒီမော့ဆိုမြို့နယ် သေးဆူးလဲ ကျေးရွာ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်တွေကို ဝေဟင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Falcon Wings ဒရုန်းတပ်ဖွဲ့က စစ်ကောင်စီ ပစ်မှတ်တွေကို တိုက်ခိုက်တဲ့ ဒရုန်းသီးတွေရဲ့ ပဲ့ထိန်းအမြှီးမှာ ပြည်သူတွေထည့်သွင်းလိုတဲ့ နာမည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရမယ့် အစီအစဉ် တစ်ခု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ တစ်နှစ်အတွင်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပေါင်း (၃၄၁) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၇၉၇) ဦးသေဆုံးပြီး (၉၃) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Falcon Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.