မော်လမြိုင်၊ ဇန်နဝါရီ(၁၁)
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ လုံခြုံရေးအပြည့်နဲ့ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၉ ရက်နေ့ကစပြီး မွန်ပြည်နယ်ရဲ့ ကျိုက်မရော၊ ကျိုက်ထို၊ မော်လမြိုင်၊ ချောင်းဆုံအပါအဝင် မြို့နယ်တချို့မှာ မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။
မြေပြင်လူဦးရေစာရင်းကောက်ယူမှုကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ လဝကနဲ့ ထွေအုပ်ဝန်ထမ်းတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက လိုက်လံကောက်ယူနေတာဖြစ်ပြီး သူတို့အတွက်လုံခြုံရေးကို စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဆောင်ရွက်ပေးနေတာပါ။
စစ်ကောင်စီဘက်က ရပ်ကွက်ကျေးရွာတွေမှာ မြေပြင်လူဦးရေစာရင်း လာရောက်ကောက်ယူသွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက အခုလိုပဲပြောပါတယ်။
“အဓိက အခုအုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနဲ့ ဒီရပ်ကွက်ထဲကဝိုင်းလုပ်တဲ့ ကလေးတွေကြီးပဲ ခေါ်သွားတာလေ။ သေနတ်နဲ့တော့ ထမ်းသွားတယ်ပြောတယ်။ ရွာမှာဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေ အဲဒီလူတွေပါတယ်လို့ ကြားတယ်။ အဲဒီ ပြည်သူ့စစ်ဆိုတာလည်း သိတဲ့အတိုင်း။ ဒီချိန်မှာ သူတို့ကအဲဒီပြောက်ကျားအင်္ကျီနဲ့ သေနတ်ထမ်းတယ်။ ထမ်းခဲ့ပြီးဆို တစ်ခါတလေကျရင် ဘာမှမဟုတ်ရင် တောင် လျှောက်လှည့်နေတာ။ ကျွန်တော်တို့ သိသလောက်ကတော့ အဲဒီသေစာရင်းနဲ့ မွေးစာရင်းကိုပဲ အဓိကထားပြီး ကောက်တယ်၊ နောက်အိမ်ထောင်စုခွဲချင်ရင် သူတို့တစ်ခါတည်း ခွဲပေးတယ်။ လုပ်ပေးတာပေါ့လေ။ နောက်သူတို့ဘာအကွက် ရွေ့မလဲတော့ ကိုယ်တွေကမသိနိုင်ဘူးလေ”လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူမှုတွေကို ဇန်နဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက်အထိ ၃ ပတ်အကြာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက် ယူသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က မြေပြင်လူဦးရေစာရင်း လာရောက်ကောက်ယူမှာ နေအိမ်မှာမရှိတဲ့သူတွေကို စာ ရင်းမှတ်ယူတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“သူတို့က တစ်နေရာမှာ (၄) (၅) (၁၀)အိမ်လောက် ခေါ်လိုက်တာပေါ့လေ။ တစ်အိမ်အိမ်မှာ စုရပ်လုပ်ပြီးတော့ အိမ်အားလုံးကို ခေါ်ပြီးတော့ အဲဒီလို ကောက်တာပေါ့။ လူတိုင်းက ဘာမှမသိဘူးလေ။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးခေါ်တယ်ဆိုလို့ သွားတယ်။ သန်းခေါင်စာရင်းမူရင်း ယူလာခိုင်းတယ်လေ။ တိုက်တယ်၊ နာမည်ခေါ်တယ်။ ရှိ၏၊ မရှိ၏ မေးတယ်။ ဘယ်သွားလဲ ဘာညာမေးတယ်။ ဒီလောက်ပဲပေါ့။ အိမ်ထောင်စုစာရင်းမှာ မရှိတဲ့သူ ဘယ်ရောက်သွားလဲ။ နောက်တော့ သေသွားလား၊ ရှိသေးလား အပြင်နေရာ ရောက်နေတာလား၊ နောက်တစ်ခုက မှတ်ပုံတင်ဘာလို့မလုပ်တာလဲ။ အဲဒါတွေတော့ မေးတယ်။ ဒီက စာရင်းပဲယူတယ်ဆိုတော့ အပြင်ဆိုရင် သူတို့ အမှတ်အသားတစ်ခု လုပ်လိုက်တာပေါ့နော်။ ဒီရပ် ကွက်က လာကောက်တဲ့အပေါ်မှာ အဲဒါပဲ မေးတယ်။ ကျွန်တော်တို့ကတော့ သူတို့မေးရင် ဖြေလိုက်တာပေါ့။ ပြီးတာနဲ့ ချက်ချင်းပြန်တာပေါ့။ ကိုယ်လည်း ကြောက်တယ်လေ။ တစ်ခုခုဖြစ်မှာ ဆိုးတယ်လေ။ ပြီးပြီးခြင်း ပြန်လာလိုက်တယ်။ ဒီလောက်ပဲ ”လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ မြေပြင်လူဦးရေစာရင်း ကောက်ယူတာကို မပူးပေါင်းကြဖို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လူဦးရေစာရင်း ကောက်ယူမှုမှာပါဝင်တဲ့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့သူတွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ မြေပြင်လူဦးရေစာရင်းကောက်ယူမှုဟာ ထွက် ပေါက်ဖြစ်တဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အထောက်အကူပြုဖို့အတွက်တင်မဟုတ်ဘဲ CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တော်လှန်ရေးမှာပါဝင်သူတွေကို ပစ်မှတ်ထားရှာဖွေလာနိုင်တာကြောင့် မပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်