မြဝတီ၊ ဇန်နဝါရီ(၁၁)
ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်းမှုကြောင့် ၃ နှစ်နီးပါးအကြာ ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို လာမယ့်ဇန်နဝါရီ(၁၂)ရက်နေ့မှာ ပြန် လည်ဖွင့်လှစ်သွားမယ်လို့ မဲဆောက်မြို့နယ် ထိုင်းတာဝန်ရှိသူတွေက အသိပေးထုတ်ပြန်လာပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်နဲ့မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ အမှတ်(၁)ချစ်ကြည်ရေးတံတားကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက ပိတ်ထားခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ တံတားကိုပြန်လည်ဖွင့်လှစ်ဖို့ ထိုင်းဘက်ခြမ်းက စီစဉ်ဆောင်ရွက်ထားပေမယ့် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အမှတ်(၁)တံတားကို ဒီကနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။
ထိုင်းဘက်ခြမ်းက အမှတ်(၁)ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ဖို့ အကြိမ်ကြိမ်ကြိုးစားလုပ် ဆောင်ပြီး ပြင်ဆင်ထားပေမယ့် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီမြို့ကနယ်စပ်တံတားဂိတ်မှာ ဗုံးပေါက်ကွဲတာတွေ၊ အာရှလမ်းမမှာ ပြင်းထန်နေတဲ့တိုက်ပွဲအခြေအနေတွေကြောင့် တံတားပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကြိမ်ကြိမ်ရွေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
ထိုင်းတာ့ခရိုင်တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ အမှတ်(၁)ချစ်ကြည်ရေးတံတားကို လာမယ့် ဇန် နဝါရီ(၁၂)ရက်နေ့ မနက်(၉)နာရီခွဲမှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ မဲဆောက်မြို့နယ် ထိုင်းတာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပါတယ်။
တံတားပြန်လည်ဖွင့်လှစ်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ(၆)ရက်နေ့က ထိုင်းတာ့ခရိုင်တာဝန်ရှိသူတွေ အ စည်းအဝေးပြုလုပ်ခဲ့သလို မြန်မာနဲ့ထိုင်းတာဝန်ရှိသူတွေလည်း အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံဘက်က တံတားပြန်လည်ဖွင့်လှစ်မယ့်နေ့ရက်ကို အခုလိုအသိပေးထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။
ဒ့ါအပြင် မြဝတီခရိုင် လဝကရုံးမှာ Thai-Myanmar Border Pass(BP) နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေကို မနေ့ ဇန်နဝါရီလ(၉)ရက်နေ့က စတင်ပြုလုပ်ပေးနေပြီဖြစ်သလို မြဝတီမြို့ခံတွေအနေနဲ့ အ ထောက်အထားတွေနဲ့အတူ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
မြဝတီ – မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပါက မြဝတီကနေမဲဆောက်သို့ တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်တွေ သွားလာခွင့်ရရှိမယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ ညပိုင်းက မြဝတီ – မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား မြဝတီဘက်ခြမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို အောက်တိုဘာ ၁၅ ရက် ညပိုင်းကလည်း ဗုံးပေါက်ကွဲမှုထပ်မံဖြစ် ပွားခဲ့ပြီး တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်အဆောက်အအုံတစ်ခု ပျက်ဆီးခဲ့တဲ့အပြင် ပတ်ဝန်းကျင်ရှိ နေအိမ်အဆောက်အအုံတွေနဲ့ မော်တော်ယာဉ်တွေလည်း ထိခိုက်ပျက်ဆီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်