ရန်ကုန်၊ ဇန်နဝါရီ(၁၁)
စစ်ကောင်စီလက်ထက်မှာ ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားရေး ၈ ရာခိုင်နှုန်းနီးပါး ပြန်လည်တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင်ထမ်းဆောင်ချိန်မှာ အရင်အစိုးရလက်ထက်က စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုတွေကြောင့် စီးပွားရေး အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဇန်နဝါရီ ၆ ရက်နေ့မှာ ပြည် ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
၂၀၂၁ – ၂၀၂၂ ခုနှစ် ပထမ ၆ လတာကာလအတွင်း နိုင်ငံစီးပွားရေးအပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်ရောက်ရှိလာခဲ့သလို ဒုတိယ ၆ လတာကာလမှာလည်း ၃ ဒသမ ၄ ရာခိုင်နှုန်းထိ ပြန်လည် တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
အကြောင်းအရင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးတာရှိသလို ပြည်တွင်းမှာရှိတဲ့ ရေ၊ မြေသယံဇာတတွေ၊ လယ်ယာ၊ သားငါးကဏ္ဍတွေ၊ သစ်တောကဏ္ဍတွေ လူသားအရင်းအမြစ်တွေရဲ့ ဆောင်ရွက်နိုင်မှုတွေကို အသုံးချနိုင်တာကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့တာလို့ သူကပြောဆိုခဲ့တာပါ။
စီးပွားရေးပညာရှင်တစ်ဦးကတော့ နိုင်ငံရေးအပြောင်းအလဲမှာ ရေနံတင်ပို့တဲ့လုပ်ငန်းတွေ တိုးတက်မှုရှိချင်ရှိနေပေမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာတော့ လျော့ကျတယ်လို့ ထောက်ပြပါတယ်။
“သူ့ဟာသူ အထက်ပိုင်းက ဒါမှမဟုတ် နိုင်ငံပိုင်စီးပွားရေးက တက်ချင်တက်နေမယ်။ ဥပမာ ဂက်စ်ပို့တဲ့ဟာတွေက တအားကြီးရချင်ရနေမယ်။ ဒါပေမယ့် အများအတွက်အကျိုးမဖြစ်ဘူး။ အများပြည်သူတွေက အလုပ်အကိုင်တွေ ဆုံးရှုံးတယ်။ ကုန်ထုတ်လုပ်မှုတွေ လျော့တယ်၊ စိုက်ပျိုးရေးတွေ မလုပ်နိုင်ဘူး။အဲဒီအတွက် Public ရဲ့ Welfares က ကျသွားတယ်။ GDP (ပြည်တွင်းအသားတင် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး) က မသိဘူး၊ အဲဒီလိုပဲ ပြောရမှာပေါ့” လို့ သူက ဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုရဲ့ အစီရင်ခံစာတစ်စောင်အရ မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲဆိုးကျိုးဟာ အခြေခံကုန်ပစ္စည်းတွေနဲ့ လောင်စာဆီဈေးနှုန်း တိုးမြင့်လာတာ၊ အလုပ်အကိုင်ရှားပါးတာ၊ စီးပွားရေးလုပ်ငန်းရပ်နားထားရတာ၊ ပြည်တွင်းဘဏ်စနစ်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကြောင့်လို့ ထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၂ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုမှာ နိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ မသေချာ၊ မရေရာမှုတွေ မြင့်မားလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအ ခြေအနေကို မခန့်မှန်း၊ မတွက်ချက်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။
တစ်ဖက်မှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်လူနေမှုဘဝထဲ လိုအပ်နေတဲ့ လျှပ်စစ်မီးကိုပင် အချိန်ပြည့်မပေးနိုင်သေးပါဘူး။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသလို လျှပ်စစ်မီးပြတ်တောက်မှုတွေ မကြာခဏဖြစ်ပေါ်နေတဲ့အတွက် လုပ်ငန်းဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုချိန်မှာ နိုင်ငံရေးတွေဖြစ်တော့ လမ်းကြောင်းတွေပိတ်တာ တစ်ကြောင်း၊ လမ်းကြောင်းတွေ ဖွင့်တယ်ဆိုရင်လည်း လမ်းခရီးအခက်အခဲတွေ ရှိတာတစ်ကြောင်း၊ ပြည်ပအော်ဒါမရတော့ဘူး။ ပြည်တွင်းကအော်ဒါကိုပဲ အဓိကထားပြီး ချုပ်နေရတယ်။ နိုင်ငံရေးမတည်ငြိမ်တာရော အော်ဒါတွေကျတယ်။ အရင်ကထက် ထက်ဝက်နီးပါး နည်းသွားတယ်။ နောက်ပြီး ရှေ့ဆက်ဖို့အတွက်ပဲ အဓိကကြိုးစားပြီး လုပ်နေရတယ်။ လုပ်ငန်းဆက်ပြီးရပ်တည်နိုင်ဖို့ လည်ပတ်ဖို့အတွက် ရုန်းကန်နေရတယ်၊ အမြတ်အစွန်းဆိုတာ မရသလောက်ဖြစ်သွားတယ်။ မီးမမှန်တာဖြစ်တဲ့အတွက် လျှပ်စစ်မီးမရှိတော့ အရမ်းဒုက္ခရောက်ရတယ်။ မီးကလည်းပျက်ချင်တဲ့အချိန်ပျက်တယ်၊ လာချင်တဲ့အချိန်လာတယ်”လို့ သူက ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်တိုက်ပွဲတွေအပြင် ကိုဗစ်ကပ်ရောဂါကန့်သတ်ချက်တွေကြောင့် ကုန်သွယ်ရေးမကြာခဏ ပြတ်တောက်ခဲ့သလို ကုန်စည်စီးဆင်းမှုလည်း ထက်ဝက်နီးပါး လျော့ကျခဲ့ပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar အဆိုအရ ၂၀၂၁ – ၂၀၂၂ မီနီဘတ်ဂျက်ကာလရဲ့ ပို့ကုန်နဲ့ သွင်းကုန် နှစ်ခုစလုံးကို ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ် လာ ၁၄ ဘီလီယံနီးပါး ကျဆင်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်