ကျိုက်ထို၊ ဇန်နဝါရီ (၁၁)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရင်းတွေက ရည်ရွယ်ချက်ချက်ရှိ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ (၁) သထုံခရိုင်က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကျိုက်ထိုအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂) တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ည ၇ နာရီလောက်မှာ လှည်းလမ်းကူးကျေးရွာထဲကို လက်နက်ကြီး ၆၀ မမ ၂ လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဦးကျော်မြင့်နဲ့ မမိဖြူနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ် ဦးကျော်မြင့်နဲ့ အသက် ၁၆ နှစ်အရွယ် မဖြူနှင်းသူတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ ညကလည်း သိမ်ဇရပ်အခြေစိုက် ခမရ(၂၀၇)နဲ့ အမှတ် (၃၁၀) အမြောက် တပ်ကနေ သုံးခွကျေးရွာထဲ လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့တဲ့အတွက် အသက်၂၆ နှစ်အရွယ် ဒေသခံ ကိုဇော်မိုးလွင်သေဆုံးခဲ့ပြီး မိသားစုဝင် ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကိုတော့ သိမ်ဇရပ်နဲ့ကျိုက်ထိုဆေးရုံတွေကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုဟာ ပြည်သူတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်ပြီး ဆိုးဝါးလှတဲ့လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတာဖြစ်တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က နေ့စဉ်နဲ့မျှ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ဇီးပြောင်း၊ ဝင်းကံ၊ ပျဉ်းကတိုး၊ ကျောက်ဖျာ၊ ဝင်းကလောကျေးနယ်တွေက ဒေသခံ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်