အင်္ဂလိပ်အစိုးရ နယ်ချဲ့ကိုယ်လိုနီလက်အောက်ကနေ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို လွှဲပြောင်းရယူခဲ့တဲ့ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဟာ ဇန်နဝါရီ ၄ ရက်နေ့မှာဆိုရင် နှစ်ပေါင်း ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြုပြည်ပြုလွှတ်တော်အဖြစ် ပါလီ မန်ဒီမိုကရေစီအစိုးရပေါ်ပေါက်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့ စစ်တပ်ကတိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။
အဲဒီအချိန်တွေကနေစပြီး မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ်ရေးအောက်ကနေ စစ်ကျွန်ဘဝအဖြစ် နှစ်ပေါင်းရှည်ကြာနေထိုင်ခဲ့ကြရပြီး ၂၀၁၀ ခုနှစ်မှာတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ လူထုရွေးကောက်တင်မြှောက်တဲ့ စစ်ယူနီဖောင်းချွတ်အစိုးရကနေ အရပ်သားစစ်စစ်အစိုးရအထိ ရောက်ရှိခဲ့တာပါ။
လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ ပြည်တွင်းစစ်ဟာလည်း အပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းမှုနဲ့အတူ တိုးတက်ကောင်းမွန်တဲ့ အခြေအနေတစ်ခုကနေ ၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။
စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်ခုခံစစ်တွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်ကတော့ ဗမာပြည်လွတ်လပ်ရေးရတာဟာ ကရင်နီလူထုတွေအတွက် လွတ်လပ်ရေးဆုံးရှုံးတဲ့နေ့ဖြစ်ပေမယ့် ဘဝတူ တိုင်း ရင်းသားတွေနဲ့အတူ ဖက်ဒရယ်နိုင်ငံထူထောင်ဖို့ ဆက်လက်ချီတက်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ ကရင်နီလူထုတွေအနေနဲ့ပြောရရင် ဗမာပြည်လွတ်လပ်ရေးရတဲ့နေ့က ကျွန်တော်တို့ ကရင်နီ ပြည်သူလူထုအနေနဲ့ လွတ်လပ်ရေးဆုံးရှုံးတဲ့နေ့ပဲ။ ဘာဖြစ်လို့လဲဆို အဲဒီလွတ်လပ်ရေးမတိုင်ခင်မှာ ကျွန်တော်တို့ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ မတရားသိမ်းပိုက်ခြင်းခံရတယ်။ အဲဒီတော့ ဗမာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ကျွန်တော်တို့အတွက် လွတ်လပ်ရေး ဆုံးရှုံးတဲ့နေ့ပဲ။ အဲဒီကနေစပြီး တော်လှန်ရေးလုပ်လာတာ ယနေ့အထိပေါ့။ ကျွန်တော်တို့ အရင်တုန်းက သီးခြားလွတ်လပ်တဲ့ တိုင်းပြည်ပြန်လည်ရရှိရေးပဲ။ သို့သော် ခေတ်နဲ့အညီ တခြားဘဝတူ တိုင်းရင်းသားတွေနဲ့ ဖက်ဒရယ်နိုင်ငံထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ယနေ့အထိ ဆက်လက်ချီတက်လာတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာဖို့ ပြည်သူတိုင်း တာဝန်ရှိသလို လက် နက်ကိုင်တော်လှန်နေတဲ့သူတွေအားလုံးကလည်း လူထုနဲ့ ပူးပေါင်းပြီး စုဖွဲ့မှု အားကောင်းကောင်းနဲ့ ညီညီညွတ်ညွတ်လုပ်ဖို့ အဓိကကျတယ်လို့ ခူးဒယ်နီရယ်က ထောက်ပြပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်ခုခံတော်လှန်စစ်တွေ နိုင်ငံအနှံဖြစ်ပွားနေတာဟာ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ နှစ်နှစ်နီးပါးရှိပြီး အရပ်သားပြည်သူ ၁ ဒဿမ ၁ သန်းကျော်ဟာ စစ်ပြေးဒုက္ခသည် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းမှုမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော် (ABSDF) ၊ ဗဟိုဦး ဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်ကတော့ ၂၀၂၁ အာဏာသိမ်းမှုဟာ ပြည်တွင်းစစ်မီးကို အရှိန်အဟုန်နဲ့ တောက်လောင်စေတာဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကသာ အရေး ကြီးဆုံးဖြစ်တယ်လို့ ပြောပါတယ်။
“ဆယ်စုနှစ်တစ်ခုအကြာ ၂၀၁၀ ရွေးကောက်ပွဲအပြီး ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလိုက်တော့ နိုင် ငံရေးမျှော်လင့်ချက်တွေ ဆုံးရှုံးခဲ့တယ်။ အဲဒီတော့ ပြည်တွင်းစစ်မီးကလည်း တကယ့်အရှိန်အဟုန်နဲ့ကို တောက်လောင်ခဲ့တာ တွေ့ရတယ်။ အခုလည်း စစ်တပ်ကတွေ့ဆုံဆွေးနွေးမှုတွေကို ကန့်သတ်ထားတယ်။ ကန့်သတ်ထားသမျှတော့ ကျွန်တော်ထင်တယ် တိုင်းပြည်က ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဝေးနေဦးမှာဖြစ်တယ်။ နောက်တစ်ခုက လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်အရသာနဲ့ ဝေးနေဦးမှာဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။
သုတေသနအဖွဲ့ဖြစ်တဲ့ ISP- Myanmar ရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခအရှည်ကြာဆုံး ငါးနိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကစတင်ပြီး ပြည်တွင်းစစ် နှစ်ပေါင်းအရှည်ကြာဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာတော့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေ ခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးတို့ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အဲဒီနိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို ခိုင်မာစွာ အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးအတွင်း ဆန့်ကျင်ခဲ့ကြတဲ့ အရပ်သားပြည်သူ ၂၇၀၀ နီးပါး သတ်ဖြတ်ခံရပြီး အကျဉ်းကျဖမ်းဆီးခံခဲ့ရသူပေါင်း ၁၆၈၀၀ ကျော်အထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ဒုတိယလွတ် လပ်ရေးကိုရရှိဖို့ စစ်ခေါင်းဆောင်တွေ ကျင့်သုံးခဲ့တဲ့ လက်နက်ပြခြိမ်းခြောက်ပြီး လူထုအပေါ် လွှမ်းမိုးချုပ်ကိုင်တဲ့စနစ်ကို အပြီးတိုင်ဖယ်ရှားပစ်ရမယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ တိုင်းတပါးနယ်ချဲ့ရဲ့ သူ့ကျွန်ဘဝက လွတ်ခဲ့ပေမယ့် ကိုယ့်နိုင်ငံသားအချင်းချင်း ပြန်ပြီးတော့ ကျွန်ပြုတဲ့ အထူးသဖြင့်စစ်တပ်ပေါ့။ စစ်တပ်က လက်နက်အားကိုးပြီး ကျွန်ပြုတဲ့စစ်ကျွန်ဘဝကို တောက်လျှောက်ရောက်ခဲ့တာပေါ့။ ဒုတိယလွတ်လပ်ရေးကို ရဖို့ဆိုတာ ဒီစစ်ကျွန်ဘဝကနေလွတ်ဖို့ အားလုံးကြိုးစားရမှာ ဖြစ်တယ်။ အဲဒီတော့ ခေတ်အဆက်ဆက်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ကျင့်သုံးခဲ့တဲ့ လက်နက်ပြခြိမ်းခြောက်ပြီး ပြည်သူလူထုကို လွှမ်းမိုးချုပ်ကိုင်စိုးမိုးတဲ့စနစ်ကို နွေဦး တော် လှန်ရေးမှာ အပြီးတိုင်ဖယ်ရှားပစ်ရမှာ ဖြစ်တယ်ဗျ”လို့ သူက ဆိုပါတယ်။
ဒီမိုကရေစီအင်အားစုတွေကတော့ မလွတ်လပ်သေးတဲ့ တိုင်းပြည်အတွက် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ သဘောတူညီချက်တွေကိုရယူပြီး တပ်ပေါင်းစုဖွဲ့နိုင်ရင် ဒီနွေဦးတော်လှန်ရေးဟာ စစ်အာဏာ ရှင်စနစ်ကို တိုက်ထုတ်တဲ့ ဒုတိယအကြိမ် လွတ်လပ်ရေးကာလဖြစ်တယ်လို့ ထောက်ပြပါတယ်။
တစ်ဖက်မှာတော့ စိန်ရတုတိုင်ခဲ့တဲ့ လွတ်လပ်ရေးနေ့မှာ တိုင်းရင်းသားဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် PDF ပူးပေါင်းတပ်တို့ ပြင်းထန်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တစ်ကျော့ပြန်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလယ်ပိုင်းအထိ နိုင်ငံတဝန်း တိုက်ပွဲအ ကြိမ်ရေ ၈၀၀၀ နီးပါးဖြစ်ပွားတဲ့အထဲမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေအကြား တိုက်ပွဲကြိမ်ရေ ၄၅၄၀ ကျော်၊ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြိမ်ရေ ၂၂၆၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်