ပေကျင်း – ဇန်နဝါရီ (၅) 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် သမ္မတတာဝန်ယူပြီးနောက် ဇန်နဝါရီလဆန်းပိုင်းမှာ  တရုတ်နိုင်ငံ ကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်စဉ် မှာ တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ 

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတဲ့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဟာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပေမယ့် သမ္မတ မားကိုစ့်ကတော့ တရုတ်နဲ့ ရေကြောင်း ဆိုင်ရာ ကိစ္စရပ်တွေကို တိုက်ရိုက်ဆက်သွယ်မှု တွေ ပြုလုပ်ဖို့ လက်မှတ်ထိုးဖို့ ရှိနေတာပါ။ 

တရုတ်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆက်ဆံရေး ခိုင်မာစေဖို့အတွက် အဓိက အရေးကြီးတယ်လို့ မားကိုစ့်က တရုတ်ထိပ်တန်း ဥပဒေပြုလွှတ်တော်အမတ် လီဇမ်ဆူနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 

သမ္မတ မားကိုစ့်ဟာ တရုတ်ခေါင်းဆောင်နဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်ထားပြီး နိုင်ငံရဲ့ စီးပွားရေး တွေကို တည်ငြိမ်ခိုင်မာစေမယ့် မိတ်ဖက်ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ 

တရုတ်ခရီးစဉ်မှာ သမ္မတ မားကိုစ့်က နှစ်နိုင်ငံကြား သဘောတူညီမှု (၁၄) ခုအထိ လက်မှတ်ရေး ထိုးနိုင်မယ်လို့ မျှော်ထင့်ထားပြီး တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းကို ဖိလစ်ပိုင်းက တောင်းဆိုထားတဲ့ အနောက်ဖိလစ်ပိုင် ပင်လယ်ပြင်မှာ မှားယွင်းတဲ့ တွက်ချက်မှုနဲ့ ဆက်သွယ်မှု တွေကို ရှောင်ရှားနိုင်ဖို့ နှစ်နိုင်ငံလုံးက ဆက်သွယ်ရေး သဘောတူချက်ကို လက်မှတ်ရေးထိုး မှာဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောခဲ့ပါတယ်။ 

ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကို ဝေဖန်ဖို့ တုံ့ဆိုင်းနေတဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး နဲ့ ဆန့်ကျင်ဘက်အဖြစ် ဖိလစ်ပိုင် ရေပိုင်နက် ပိုင်ဆိုင်ခွင့်နဲ့ပတ်သက်ပြီး တရုတ်ကို ထိပါးခွင့်ပြုမှာမဟုတ်ဘူးလို့ မားကိုစ့်က ဆိုထားပါတယ်။ 

စပရက်တလီကျွန်းစုတစ်ဝိုက်က နယ်မြေအများအပြားကို တရုတ်နိုင်ငံက သိမ်းယူနေတယ်လို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဖိလစ်ပိုင်က နှစ်နိုင်ငံအငြင်းပွားနေတဲ့ နေရာမှာ သူတို့ရဲ့ စစ်တပ်ကို တိုးမြှင့်ဖို့ ပြီးခဲ့တဲ့ လက အမိန့်ပေးထားပါတယ်။ 

တရုတ်ဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး အချုပ်အခြာအာဏာပိုင်ဆိုင်တယ်လို့ အမာ ဆိုထားပြီး နိုင်ငံတကာခုံရုံးရဲ့ စီရင်ချက်ကို လျစ်လျူရှုနေတာဖြစ်ပါတယ်။ 

ဒါ့အပြင် တောင်တရုတ်ပင်လယ်ကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းတို့က လည်း သူတို့ရဲ့ ပိုင်နက်အစိတ်အပိုင်းတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင် သမ္မတ မားကို့စ်က နှစ်နိုင်ငံရဲ့ ဒေသဆိုင်ရာ သဘောသဘာဝအရ နိုင်ငံရေးဆိုင်ရာ လုံခြုံရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ တရုတ်နိုင်ငံကို မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.