ရေဖြူ၊ ဒီဇင်ဘာ (၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်လုံခြုံရေး ရဲကင်းစခန်း တိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၅ ဦးဝန်းကျင်လောက် ထိုင်ချထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်က စစ်ကောင်စီ ရဲကင်းစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လာရောက်တိုက်ခိုက်ခဲ့တာပါ။

ရဲကင်းစခန်းတိုက်ခံရပြီးနောက် တပ်အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ဝက်ချောင်း၊ ခမောင်းတောင်၊ ထိန်ကြီး၊ လဲရှောင်ရွာတွေအပါအဝင် အနီး အနားကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီကျေးရွာပတ်ဝန်းကျင်ကို နေ့ပိုင်းအချိန်တွေမှာ တောနင်းစစ်ကြောင်းထိုးလာပြီးနောက် ညပိုင်းအချိန်တွေ ရဲကင်းစခန်းမှာ စခန်းချတပ်စွဲနေထိုင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိနေပြီး အများစုကတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေကြတာပါ။

ထားဝယ်အထူးစီးပွားရေးဇုန် ရဲကင်းစခန်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက် အနည်းဆုံး ၄ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ဆိုထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်ကောင်စီ ရဲကင်းစခန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.