မော်လမြိုင် – ဒီဇင်ဘာ(၂၇)

လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာလ(၂၇) ရက်နေ့ မနက်ပိုင်း ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအကြိမ် (၈၀) မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။

နွေဦးတော်လှန်ရေးမှာ တိုက်ပွဲတွေ အောင်မြင်ဖို့ အရေးကြီးသလို တော်လှန်ရေး အောင်မြင်ဖို့ လိုတယ်လို့ ဆိုခဲ့ပြီး ခုခံတော်လှန်စစ်ကို မဟာဗျူဟာ ကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘဲ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးလည်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ဝန်ကြီးချုပ် က မြေပြင်ရဲဘော်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ တာနဲ့ပတ်သက်ပြီး ပီတိဖြစ်ရသလို တော်လှန်ရေးခေါင်းဆောင်တွေနဲ့ မြေပြင်မှာ အခုလို ထိတွေ့ တာဟာ ယုံကြည်မှုနဲ့ တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုမိုတိုးတက်စေတယ်လို့ ယာယီ သမ္မတက ပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေတာဟာ အရင်းအနှီးကြီးတယ်ဆိုတာ မမေ့ဖို့နဲ့ ပျက်စီးသွားတဲ့ စည်းစိမ်းဥစ္စာတွေကို ပြန်လည်ရှာဖွေလို့ ရပေမယ့် လူထုရဲ့ သွေး၊ချွေးနဲ့ ရင်း ထားရတဲ့ ငွေတွေဟာ တန်ဖိုးရှိသလို အသက်ပေးသွားရတဲ့ လူငယ်အာဇာနည်အရေ အတွက် မနည်းတော့တဲ့အတွက် တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို ရင်သွေးလို တန်ဖိုး ထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိခုခံတွန်းလှန်စစ်မှာ တောင်တန်းဒေသတွေရဲ့ စစ်ရေး စိုးမိုးနိုင်မှုနဲ့ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုတွေဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်နေပြီဖြစ်တယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.