ပေကျင်း – ဒီဇင်ဘာ(၂၅) 

အမေရိကန်ကာကွယ်ရေး လုပ်ပိုင်ခွင့် ဥပဒေသစ်မှာ ထိုင်ဝမ်ကျွန်းအတွက် စစ်ရေးအကူအညီ တိုးမြှင့်ပေးမယ့် အချက်နဲ့ လုံခြုံရေးတိုးမြှင့်ပေးမယ်ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံက ဒေါသတကြီးဝေဖန်လိုက်ပါတယ်။ 

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင် အမာပြောဆိုထားကာ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေနဲ့ ပတ်သက် ပြီး ပြတ်သားစွာ ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ထိုင်ဝမ်အတွက် လုံခြုံရေးအကူအညီနဲ့ လျင်မြန်တဲ့ ခြေရာခံလက်နက်တွေ ဝယ်ယူရေး ဒေါ်လာ (၁၀) ဘီလျံအထိ ခွင့်ပြုထားတဲ့ ဒေါ်လာ (၈၅၈) ဘီလျံရှိတဲ့ စစ်ရေးအသုံးစရိတ်စီမံချက်ဟာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေတဲ့ ပြဋ္ဌာန်း ချက်ဖြစ်တယ်လို့ ဆိုထားတာပါ။ 

တရုတ်က အင်အားသုံးပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကို ထိုင်ဝမ်ရောက်ရှိဖို့ ကြိုးပမ်းနေတာကို ဘယ်တော့မှာ စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုထားပေမယ့် ထိုင်ဝမ်က တရုတ်ရဲ့ အချုပ်အခြာအာ ဏာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ငြင်းဆိုထားသလို ကျွန်းရဲ့ (၂၃) သန်းသော လူထုက သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ပြောထားပါတယ်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ ဥပဒေပြဌာန်းချက်နဲ့ ပတ်သက်ပြီး ကျေးဇူး တင်တယ်လို့ ပြောထားသလို ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးနဲ့ ကျွန်းရဲ့ လုံခြုံရေး ခိုင်မာစေဖို့ အတွက် ဝါရှင်တန်ရဲ့ အရေးပါမှုကို ပြသတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အမေရိကန်ကာကွယ်ရေး လုပ်ပိုင်ခွင့် ဥပဒေသစ်နဲ့ပတ်သက်ပြီး ထိုင်ဝမ်က အသေးစိတ်ဆွေးနွေး သွားမှာဖြစ်ပြီး ဘတ်ဂျက်ရေးဆွဲတာနဲ့ အမှန်တကယ် ထုတ်ပေးမယ့် ထိုင်ဝမ်နဲ့ အဆင်ပြေစေ မယ့် ပြဋ္ဌာန်းချက်တွေကို တွန်းအားပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက အသေးစိတ် ဖော်ပြ ထားပါတယ်။ 

တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက်ထောက်ပံ့သူဖြစ်ပြီး ဒီအခြေအနေတွေကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အမြဲလိုလို တင်းမာမှုတွေရှိနေတာဖြစ်ပါတယ်။ 

ထိုင်ဝမ်စစ်တပ်ဟာ အိမ်နီးချင်းတရုတ်ထက် အင်အားနည်းပါးတဲ့အတွက် ပြီးခဲ့တဲ့ (၃) နှစ်အတွင်း ကျွန်းအနီးမှာ တရုတ်ရဲ့ ကျူးကျော်မှုတွေကို အကြိမ်ကြိမ်ခံခဲ့ရပြီး အထူးသဖြင့် လေတပ်ဟာ ထိုင်ဝမ်လေပိုင်နက်ထဲ မကြာခဏဝင်ရောက်လာတာပါ။ 

ကာကွယ်ရေးဥပဒေမှာ တရုတ်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ကွန်ပျူတာ ချစ်ပ်တွေကို အသုံးပြု ပြီး အမေရိကန်အစိုးရရဲ့ ကုန်ပစ္စည်းဝယ်ယူမှုတွေကို ကန့်သတ်ထားတဲ့ ပြင်ဆင်ချက်လဲ ပါဝင် တယ်လို့ သိရပါတယ်။ 

အမေရိကန်ရဲ့ ဥပဒေသစ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ချဲ့ကားပြီး ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ကာ ပြင်းထန်တဲ့ နိုင်ငံရေးရန်စမှုနဲ့ အကြောင်းမဲ့သက်သက် တရုတ် ကွန်မြူနစ်ပါတီကို အပုပ်ချတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.