တီဟီရန်၊ ဒီဇင်ဘာ(၂၅)

သေဒဏ်ချမှတ်ခံရတဲ့ ဆန္ဒပြသူနှစ်ဦးရဲ့ အယူခံဝင်မှုကို အီရန်တရားရုံးချုပ်လက်ခံ နိုင်ငံတော်တရားရေးဌာနက ပြောကြားလိုက်ပါတယ်။

တရားရုံးချုပ်အနေနဲ့ အမှုတွေကို စုံစမ်းစစ်ဆေးရာမှာ ချို့ယွင်းချက်တွေရှိနေခဲ့တောကြောင့် အခုလို လက်ခံ ပေးခဲ့တာပါ။

အယူခံဝင်ခဲ့သူနှစ်ဦးဟာ  မိုဟာမက် ဂူဘာဒီလိုနဲ့ ဆာမန်ဆိုင်ဒီရာဆင်တို့ဖြစ်ကြပြီး သူတို့ဟာ  မကြာသေးခင် ကဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

တရားရုံးချုပ်ဟာ သူတို့အမှုတွေကို စစ်ဆေးရာမှာ အမှုကွင်းဆက်ဆိုင်ရာ ဆက်စပ်မှုတွေမှာ လိုအပ်ချက်တွေ ရှိခဲ့လို့  ပြန်လည်စစ်ဆေးဖို့အတွက် တရားရုံးတွေကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဆိုထား ပါတယ်။

အစ္စလာမ္မစ်သမ္မတနိုင်ငံ ဝတ်စားဆင်ယင်မှုဥပဒေတွေကို လိုက်နာကျင့်သုံးဖို့  တွန်းအားပေးတဲ့ အကျင့်စာရိတ္တ ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အသက် (၂၂) နှစ်အရွယ် ကာ့ဒ်အီရန်အမျိုးသမီး မာရှာအမ်မီနီကို  ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့တဲ့အတွက်  ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က စလို့ အီရန် နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလထဲမှာ လမ်းမကြီးတစ်ခုကို ပိတ်ဆို့ခဲ့ပြီး ဘာဆီတပ်ဖွဲ့ဝင်သုံးဦးကို ဓားနဲ့ထိုးသတ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရတဲ့ အီရန်ဆန္ဒပြသူနှစ်ဦးဖြစ်တဲ့ အသက် (၂၃) နှစ်အရွယ် မိုဆန်ရှာကာရီနဲ့ မာဂျစ်ရီဇာ ရာဟ်နာဗာ့ဒ် တို့ကို အခုလအစောပိုင်းမှာ ဆောက်လုပ်ရေးကရိန်းတစ်ခုမှာပဲ လူသိရှင်ကြားကြိုးပေးကွပ်မျက်ခဲ့တာပါ။

အာဏာပိုင်တွေဟာ အီရန်ကို တုန်လှုပ်စေတဲ့ လူထုအုံကြွမှုမှာ ပါဝင်သူတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက်နဲ့ အနည်းဆုံး လူ ၂၁ ဦးကို သေဒဏ်ပေးဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားခဲ့ပါတယ်။

ဂူဘာဒီလိုကတော့ ဆန္ဒပြမှုတွေအတွင်း ရဲအေးဂျင့်တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိမှုစေမှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

မညီမျှမှု၊ ဖိနှိပ်မှုတွေနဲ့ အလုပ်လက်မဲ့တွေအကြောင်း ရပ် သီချင်းသီဆိုခဲ့တဲ့ ကာ့ဒ်လူမျိုး ရာစင်ဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သတ်ပစ်ဖို့ ကြိုးပမ်းမှုနဲ့ တော်လှန်ရေးသီချင်းတွေကို သီဆိုခဲ့မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရ တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့အထိ ဆန္ဒပြသူ (၅၀၆) ဦး သေဆုံးခဲ့ပြီး အရွယ်မရောက်သေးသူ (၆၉) ဦးပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ HRANA က ပြောကြားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင် (၆၆)ဦး သေဆုံးပြီး ဆန္ဒပြသူ (၁၈၅၁၆) ဦး အဖမ်းခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆူပူအုံကြွမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော် ထိပ် တန်း လုံခြုံရေးအဖွဲ့မှ အခုလအစောပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.