ရေး၊ ဒီဇင်ဘာ (၂၅)

မွန်ပြည်နယ်၊ ရေးမြောက်ပိုင်း၊ ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) တာဝန်ခံဗိုလ်ရန်နိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၅ ဦး ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီကင်းစခန်းကို ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြောက်ပိုင်း) YPDF နဲ့ ရေးပြောက်ကျားအဖွဲ့ YGF ပူးပေါင်းတပ်က အနီးကပ်သွားရောက်တိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက်အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီကင်းစခန်းတိုက်ခိုက်မှုမှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၅၈၈ တပ်က လက်နက်ကြီး ကူပစ်လာတာကြောင့် PDF ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဗိုလ်ရန်နိုင်က ပြောပါတယ်။

စစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီ ခလရ ၅၈၈ တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ကြိုးတံတားကျေးရွာ၊ ဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

လက်နက်ကြီးထိမှန်သေဆုံးသွားတဲ့ အမျိုးသမီးရုပ်အလောင်းကိုတော့ ဒီကနေ့မှာပဲ လမိုင်းသုဿာန်မှာ မီးသင်္ဂြု ိဟ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ရေး-သံဖြူ ဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းတွေကို တစ်ရက် တည်း လေးကြိမ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ အဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များပြားခဲ့တယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.