မော်လမြိုင်၊ ဒီဇင်ဘာ(၂၅)

မွန်အမျိုးသားပညာရေး နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားကို လာမယ့်ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားရှိ မွန်အမျိုးသားပညာရေးဗဟိုဌာန ညီစားစခန်းမှာ ကျင်းပသွားမယ်လို့ မွန်ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ရွှေရတုအခမ်းအနားမှာတော့ မွန်အမျိုးသားပညာရေးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကျောင်းဆရာ၊ဆရာမတွေအပါအဝင် ပညာရေးဌာနအတွင်း လုပ်သက် ၂၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ကြသူတွေကို ဂုဏ်ပြုသွားမယ်လို့ အခမ်းအနားကျင်းပရေး ကော်မတီကနေ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ် အရှိန်ကောင်းနေတဲ့ကာလအတွင်း မွန်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီကနေ ၁၉၇၂ ခုနှစ်မှာ မွန်အမျိုးသားပညာရေးကို ဦးဆောင်ဖွဲ့စည်းခဲ့တာာပါ။

အဲဒီကနေတစ်ဆင့် မွန်အမျိုးသားပညာရေးကို မွန်ပြည်သစ်ပါတီနဲ့အတူ မွန်တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပညာရေးအသိုင်းအဝိုင်းမှာ ပါဝင်နေသူတွေက တာဝန်ယူလက်ဆင့်ကမ်းလာခဲ့ကြတာ ဒီနှစ်ဆိုရင် နှစ် (၅၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

မွန်အမျိုးသားပညာရေးကနေ တိုင်းရင်းသားဘာသာစကားဖြစ်တဲ့ မိခင်ဘာသာစကားအခြေပြု သင် ကြားရေးကို စတင်ခဲ့ရာမှာ အခြေခံပညာ မူလတန်း၊အလယ်တန်းနဲ့ အထက်တန်းအဆင့်အထိ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းမှာတော့ ၁၀ တန်းလွန် Post Ten အတန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အခုနှစ်မှာတော့ မွန်အမျိုးသားကောလိပ်ကိုပါ အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။

မွန်ပညာရေးဌာနရဲ့ မွန်အမျိုးသားစာသင်ကျောင်းတွေမှာ မူလတန်းအဆင့်ကို ကိုယ်ပိုင်သင်ရိုးညွှန်း တမ်းနဲ့ သင်ကြားပေးနေတာဖြစ်ပြီး အလယ်တန်းနဲ့အထက်တန်းအဆင့်မှာတော့ မွန်စာပေအပါအဝင် အစိုးရသင်ရိုးညွန်းတမ်းတွေနဲ့တွဲပြီး သင်ကြားပေးနေတာပါ။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စာသင် ကျောင်းပေါင်း ၁၄၀ ကျော် ရှိနေပြီး ကျောင်းသူ/ကျောင်းသား ၂၀,၀၀၀ နီးပါး တက်ရောက်သင်ကြားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.