မော်လမြိုင်၊ ဒီဇင်ဘာ(၂၅)

မွန်ပြည်နယ်အတွင်းက နေလှန်ဆားလုပ်ငန်းတွေဟာ အချိန်အခါမဟုတ် မိုးရွာသွန်းနေတာကြောင့် ဆားရာသီပြန်စတဲ့ ၂ လနီးပါးကြာတဲ့အထိ ဆားမထုတ်နိုင်သေးတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်အတွင်းမှာတော့ နေလှန်ဆားလုပ်ငန်းကို နှစ်စဉ်အောက်တိုဘာလကနေ မေလအလယ်အထိ လုပ်ကိုင်ကြတာဖြစ်ပေမယ့် ဒီနှစ်ဆားရာသီမှာတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဆက်ရှိနေတာကြောင့် ဒီဇင်ဘာလကုန်ပိုင်းအထိ ဆားမထုတ်နိုင်သေးပါဘူး။

ဆားကွင်းအဖျက်မိုးတွေ ကြုံနေရတဲ့ ဆားတောင်သူတွေဟာ စက်သုံးဆီအပါအဝင် အလုပ်သမားစရိတ်တွေ ပိုမို ကုန်ကျနေတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရသလို ရာသီဥတုအခြေအနေ ဆိုးဝါးလာမှာကို စိုးရိမ်နေကြတာပါ။

နေလှန်ဆားလုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဆားတောင်သူတစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဆားဟောင်းတွေ ကုန်သွားလို့ ဆားအသစ်မထွက်သေးရင် ဈေးကတစ်ချက်တည်း တက်လာတာပေါ့။ ကျွန်တော်တို့လက်မှာ ဆားမရှိတော့ သူတို့သိတယ်လေ။ ကုန်သည်တွေကတော့ ချိန်ပြီးတော့ ဈေးနှုန်းကိုကစားနေတာပေါ့။ အခုချိန်တော့ အရှုံးပေါ်နေတာပေါ့။ အလုပ်သမားခတို့၊ ကျွန်တော်တို့ စက်သုံးဆီဝယ်ရတာတို့ လုပ်တော့လုပ်နေတာပေါ့လေ။ အဲဒါ ကွင်းပြင်ရိုးရိုး ပိုက်ဆံလည်းကုန်တယ်။ ကုန်ကျ စရိတ်တွေ စက်ဆီ၊ ဒီဇယ်ဆီတွေကလည်းပဲကုန်တယ်။ အလုပ်သမားခတွေ ပိုကုန်တယ်။ တစ်ခေါက်ပြီး တစ်ခေါက်တလိမ့်ပြန်ထိုးတယ်။ ကွင်းပြင်နေရတာနဲ့ ဆားတောင် မလှန်းရသေးဘူး၊ မိုးက အခုမှောင်လာပြန်ပြီ”လို့ ဆိုပါတယ်။

ဆားရာသီပြန်စတဲ့ ၂လနီးပါးကြာတဲ့အထိ ဆားမထွက်သေးတာကြောင့် ဆားဈေးနှုန်းဟာ ဒီဇင်ဘာလကုန်ပိုင်းမှာ ရိုးရိုးဆားကြမ်း တစ်ပိဿာကို ကျပ် ၂၁၀ ကနေ ကျပ် ၂၇၀ ထိ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆာဈေးနှုန်း ပြန်တက်လာပေမယ့် တောင်သူလက်ထဲ ဆားမရှိသေးတာကြောင့် အကျိုး အမြတ် မရှိကြသလို ဆားထွက်ရာသီမှာ ဆားဈေးနှုန်း ထပ်ကျလာမှာကို စိုးရိမ်နေကြတာပါ။

တဖက်မှာတော့ ဆားတောင်သူတွေဟာ ၂ ရာသီဆက်တိုက် အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် အရှုံးပေါ်ခဲ့တဲ့အတွက် ရာသီဥတုအခြေအနေကို စောင့်ကြည့်လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။

“ဆားတောင်သူက တချို့တောင်သူတွေဆို ဒီနေ့အထိ အကြွေးတွေပိုက်ထားတုန်းပဲ။ ဘာလဲဆိုတော့ နှစ်ရာသီဆက်တိုက် ရာသီဥတုဖောက်ပြန်လို့ ဆားမရဘူးပေါ့ဗျာ။ တချို့ဟာကတော့ မိုးသိပ်များများထိတဲ့ ကွင်းတွေကျတော့ သူတို့လည်း ဒုက္ခတော်တော်ကြီးကြီးပဲ။ အကြွေးတွေနဲ့ နေနေရတုန်းပဲ။ ရာသီဥတုက ဘယ်လိုလာဦးမလဲ။ (၂၀၂၃)မှာ လာနီညာလား၊ အယ်နီညိုလားဆိုတာ ပြန်စောင့်ကြည့်ရအုံးမှာပေါ့ဗျာ။ ရာသီဥတု ဖျက်တယ်ဆို ကိုယ့်လက်ထဲမှာ ပစ္စည်းမရှိပြန်ဘူး။ ဈေးကတော့တက်ပါရဲ့ ပစ္စည်းကမရှိဘူး။ အဲဒီပုံစံမျိုးကို မလိုချင်ဘူးဗျာ၊ ကျွန်တော်တို့ လိုချင်တာက ပုံမှန်လေးဖြုန်းအားကောင်းကောင်းနဲ့ စက်ရုံကောင်းကောင်း စက်ရုံကြီးကြီးမျိုး တစ်ရုံရုံရှိခဲ့ရင်တော့ ဆားတောင်သူတွေက အိပ်လို့ ပျော်တာပေါ့ဗျာ၊ ဈေးအတက်၊ အကျအကြမ်းဗရမ်းကြီး မရှိတော့ဘူးပေါ့”လို့ ဆိုပါတယ်။

ဆားတောင်သူတွေဟာ အရင်နှစ်တွေက အရှုံးပေါ် ခဲ့တဲ့ အတွက် လက်ရှိဆားရာသီ အစမှာဘဲ ဆားလုပ်ငန်းတချို့ ပြန်မလည်ပတ်နိုင်သေးသလို တချို့လုပ်ငန်းတွေဆိုရင်လည်း အပြီးတိုင်ရပ်နားထားရတာတွေရှိတယ်လို့ သိရပါတယ်။

အခုလို ဆားလုပ်ငန်းတွေ ရပ်နားလာကြတဲ့အတွက် ဒီနှစ်ဆားရာသီမှာ ဆားအထွက်နှုန်းတွေ လျော့ကျ လာနိုင်သလို ဒေသတွင်းဆားလုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်မှုတွေ တိုးလာနိုင်တယ်လို့ ဆားတောင်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာ နေလှန်ဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိကထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိနေသလို ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ မန္တလေး၊ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို အဓိကတင်ပို့ရောင်းချနေတာပါ။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.