ရန်ကုန်၊ ဒီဇင်ဘာ(၂၅)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် စစ်ကောင်စီရဲ့ဖိတ်ကြားမှုကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း (EAOs) အပစ်ရပ် ၇ ဖွဲ့က တွေ့ဆုံဖို့အဆင်မပြေသေးဘူးလို့ အကြောင်းပြန်ထားကြောင်း အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က EAOs အပစ်ရပ် ၇ ဖွဲ့ကို တစ်ဖွဲ့ချင်းစီလိပ်မူပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ EAOs တွေဘက်က ပြင်ဆင်ချင်တဲ့ အချက်အလက်တွေကို ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဖိတ်ကြားခဲ့တာပါ။

ဖိတ်ကြားစာအရ လာမယ့်ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖွဲ့စည်းပုံအပြင် တခြားသော အ ကြောင်းအရာတွေကိုလည်း ဆွေးနွေးမှာဖြစ်တဲ့အတွက် အပစ်ရပ် ၇ ဖွဲ့ရဲ့ တစ်ဖွဲ့ချင်းစီက ခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ပေးဖို့ ကမ်းလှမ်းထားပါတယ်။

အပစ်ရပ် ၇ ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ EAOs တွေ စုပေါင်းတက်ရောက်ရမယ့် အခင်းအကျင်းဖြစ်နေတဲ့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေ ကျန်းမာရေးအခြေအနေကြောင့် သွားလာဖို့အခက်အခဲရှိသလို လက်ရှိနှစ်သစ်ကူးကာလဖြစ်နေတဲ့အတွက် တက်ရောက်ဖို့ အဆင်မပြေသေးကြောင်း စစ်ကောင်စီကို ပြန်ကြားလိုက်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးတွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခင်မှာ နှစ်ဘက်စလုံးအတွက် အဆင်ပြေတဲ့အချိန်၊ နေရာနဲ့အကြောင်းအရာတွေကို နှစ်ဘက်စလုံးပိုင်ဆိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ အလွတ်သဘောဆွေးနွေးပွဲကနေ စတင်ဖန်တီးဖို့လိုတယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

“ကျွန်တော်တို့ ဘယ်အချိန်လောက်အဆင်ပြေနိုင်မလဲဆိုတော့ နဂိုကျွန်တော်တို့ ကမ်းလှမ်းတဲ့အတိုင်း ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခင်မှာ ကျွန်တော်တို့ နှစ်ဘက်စလုံးအတွက် အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နေရာ၊ အဆင်ပြေတဲ့အကြောင်းအရာတွေနဲ့ နှစ်ဘက်စလုံးက ပူးပေါင်းပါဝင်တဲ့ ပိုင်ဆိုင်တဲ့အခင်းအကျင်း win – win အခြေအနေတစ်ခုကို ကျွန်တော်တို့က အလွတ်သဘောဆွေးနွေးပွဲကနေ စတင်ဖန်တီးဖို့ လိုအပ်တာလို့ ကမ်းလှမ်းထားတယ်။ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ပြီးခဲ့တဲ့ ကြိုးပမ်းမှုအတိုင်းပဲ အလွတ်သဘောတွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုကနေ ဆက်လက်ကြိုးပမ်းချင်တယ်။ အဲဒီအလွတ် သဘောတွေ့ဆုံညှိနှိုင်းဆွေးနွေးမှုကနေ နှစ်ဘက်စလုံးအတွက် အဆင်ပြေတဲ့ ရလဒ်အပေါ်မှာ ငြိမ်းချမ်းရေးတွေ့ဆုံမှုကိစ္စရပ်တွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ကြိုးပမ်းလုပ်ဆောင်သွားဖို့ မနေ့ကကျွန်တော်တို့ ပြန်ကြားပေးတာရှိပါတယ်”လို့ သူက ဆိုပါတယ်။

NCA ထိုးထားတဲ့ အပစ်ရပ် EAOs ၇ ဖွဲ့ဟာ စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံကမ်းလှမ်းစာပေးပို့ခဲ့တာပါ။

ကမ်းလှမ်းစာအပေါ် အပြန်အလှန်အသိအမှတ်ပြုမှုတွေရှိပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)ဘက်က အလွတ်သဘောတွေ့ဆုံဖို့ကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ EAO (၇) ဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ပါဝင်ပါတယ်။

အဲဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းEAOs ၇ ဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးထားတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သတ်မှတ်ခဲ့ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် စစ်ရေးအရှိန်တိုးမြှင့်မှုတွေနဲ့သာ အဆုံးသတ်ခဲ့တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တချို့က မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.