ကော့ကရိတ်၊ ဒီဇင်ဘာ(၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ပြီး ကြည်းကြောင်း၊လေကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာတယ်လို့ တော်လှန် ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့နယ် KNU တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့အပတ်ကစပြီး KNLA PDF တော်လှန် ရေးပူး ပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေဟာ ဒီဇင်ဘာလ(၂၄)အထိ ဆက်တိုက်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တစ်စီးဟာ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် တောင်ဘက်ပိုင်းဒေသဘက်ကို လေယာဉ်တွေနဲ့ လာရောက်ပျံဝဲနေတာတွေရှိသလို ကော့ကရိတ်မြို့တွင်းထဲက စစ်ကောင်စီ ခလရ(၉၇)တပ်ရင်းနဲ့ လှိုင်ဝကုန်းနေရာတွေကနေ လက်နက် ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က တင့်ကားတွေပါဝင်လာတဲ့စစ်ကြောင်းနဲ့ အင်အားဖြည့်စစ်ရေးလှုပ်ရှားလာသလို ဒီကနေ့ ညနေ(၃)နာရီခွဲအချိန်ခန့်မှာ ကော့ကရိတ်တောင်ပိုင်းဒေသနေရာနဲ့ အာရှလမ်းမဘက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

အာရှလမ်းမပေါ်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်း (၇)တိုင်ကွေ့မှာရှိတဲ့ တံတားတစ်စင်းလည်း ဒီကနေ့ မွန်းလွဲပိုင်းမှာ မိုင်းခွဲခံထိပြီး တံတားပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကနဦးသိရှိရပြီး တိုက်ပွဲအခြေအနေတွေကြောင့် အာရှလမ်းပိုင်းပေါ်သွားလာနေကြတဲ့ ခရီးသွားတွေအနေနဲ့လည်း ပိတ်ဆို့မှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ဆက် တိုက်ပြုလုပ်နေတာကြောင့် ကျေးရွာအတွင်းက ဒေသခံ(၃)ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကော့ကရိတ်မြို့အနီးရှိ ကော့နွဲ့ကျေးရွာအုပ်စုအပါအဝင် ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်လိုအပ်ချက်ရှိနေတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

(၁)ပတ်ကျော်ကြာ ဖြစ်ပွားလာခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ကြီးတွေနဲ့ အရပ်သားပစ်မှတ်တွေကို အဆက်မပြတ်ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေတယ်လို့လည်း ပူးပေါင်းအဖွဲ့တဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေပြင်းထန်လာတာကြောင့် ကော့ကရိတ်မြို့ဝန်းကျင်မှာ ဖြတ်သန်းသွားလာတဲ့ ပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဘေးရန်ကနေကင်းရှင်စေဖို့ သတိပြုသွားလာကြဖို့ ကျားဖြူစစ်ကြောင်းက တိုက်တွန်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.