သရက်ချောင်း၊ ဒီဇင်ဘာ(၂၄)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲက ပဲဒက်၊ တောင်ပျောက်၊ ဥတ္တူကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေတာကြောင့် လုပ်ငန်းခွင်ဝင်ဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ တတိယအပတ်ကစပြီး လက်ရှိအချိန်ထိ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး စစ်ရေးဝင်ရောက် လှုပ်ရှားနေတာပါ။

စစ်ကြောင်းထိုးလားထာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဒေသခံတွေနဲ့ ဥယျာဉ်ခြံ လုပ်သား ၁၂ ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တာပါ။

စစ်ကောင်စီတပ်က ဒေသခံတွေကိုဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ လုပ်ငန်းခွင်ထဲ မသွားရဲကြဘဲ လုပ်ငန်းရပ်နားထားကြတာပါ။

သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေဟာ ရော်ဘာနဲ့ ကွမ်းခြံလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေကြတာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းထိုးထားတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ပိတောက်ကြီး၊ ပိတောက်ငယ်နဲ့ပဲချောင်းရွာတွေဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.