မော်လမြိုင်၊ ဒီဇင်ဘာ(၂၄)
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့မှတဆင့် ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေဟာ ပြီးခဲ့တဲ့အ ပတ်ကစပြီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်ထဲမှာ ထိုင်းကုန်ပစ္စည်းဈေးနှုန်း ပြန်လည် မြင့်တက်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
အဲဒီတိုက်ပွဲတွေဟာ ထိုင်း-မြန်မာကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးတည်ရှိရာ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲကြောင့် လမ်းကြောင်းပိတ်ဆို့တာ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ အသုံးပြုတဲ့တံတားတချို့ ထိခိုက်ပျက်စီးတာ၊ ကုန်သည်တချို့ လုပ်ငန်းရပ်နားလာတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သည်တစ်ဦးကတော့ နှစ်ဖက်တိုက်ပွဲကြောင့် ကုန်ပစ္စည်းဝင်ရောက်မှု ကျဆင်းလာတာကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းပြန်လည် မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
“ပိတ်ထားတယ် ဆိုပေမယ့် ကားလေးတွေတော့ ဆင်းနေကြတာပါပဲ။ ဒါပေမယ့် ကုန်ကားတွေတော့ သိပ်မလွယ်ဘူး။ အိမ်စီးလောက်ပဲ လွယ်တယ်။ တံတားကျိုးထားတော့လေ။ တံတားပေါ်က တစ်စီးပြီး တစ်စီးချင်းစီ သွားနေရတာ။ တောလမ်းဖြတ်လမ်းကလည်း ဟိုတစ်နေ့က တံတားတစ်ခါ ထပ်ကျိုးတယ်လေ။ အဲဒီမှာပဲ ကားတွေက သွားရခက်နေတယ်။ ပစ္စည်းတွေက သိပ်မရောက်ဘူး။ ဈေးကွက်ကတော့ နည်းနည်းလေး ပစ္စည်းပြတ်ရင်တော့လှုပ်တာပေါ့။ ငွေဈေးကလည်း ငြိမ်တယ်။ ယိုးဒယားကုန်ပစ္စည်းတိုင်းပဲ မြဝတီလမ်းကလာတဲ့ ကုန်ပစ္စည်းတိုင်းပဲပေါ့။ မရောက်မှ မရောက်တာ၊ မရောက်တော့ ဈေးနည်းနည်းမြင့်လာတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းဟာ ကုန်တင်ကားတွေ သွားရောက်လို့ မရတာကြောင့် ကုန်ပစ္စည်းတင်သွင်းတာတွေ ရပ်နားထားရတာရှိတဲ့အတွက် လက်ကျန်ပစ္စည်းနည်းလာပါက ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ လမ်းခရီးအခက်အခဲတွေကြောင့် ထိုင်းကုန်ပစ္စည်းတွေဟာကုန် ပစ္စည်းအမျိုးအစားပေါ် မူတည်ကာ ကျပ်(၂၀၀) ဝန်းကျင်ကနေ ကျပ်(၅၀၀) ဝန်းကျင်ထိ ဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး ရက်ကြာပါက ဈေးနှုန်းပိုမို မြင့်တက်လာနိုင်တယ်လို့ ထိုင်းကုန်ပစ္စည်း ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
“လမ်းကြောင်းကြောင့် ယိုးဒယားပစ္စည်းအားလုံးနီးပါး နည်းနည်းလိုက်တက်လာတာ။ အရင်လိုမျိုးတော့ ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ဘူး။ ဟိုအရင်လိုမျိုး တစ်ခါတက်ရင် (၁၀၀၀) (၂၀၀၀) အဲ့လိုမျိုး တက်တာ မဟုတ်ဘူး၊ အခုက တက်ရင် (၁၀၀) (၂၀၀)၊ တစ်မျိုး တစ်မယ်ကို (၁၀၀) (၂၀၀) (၃၀၀) (၄၀၀) အဲဒီလောက်ပဲ တက်တာပေါ့။ ကြာရင်တော့လည်း နည်းနည်းတက်ဖို့တော့ ရှိတာပေါ့။ ကုန်စည်စီးဆင်းမှုက ဘယ်လိုလဲဆိုတော့ အဝင်နဲ့အထွက်နဲ့ မမျှရင်တော့ နည်းနည်းတက်ရင် တက်မှာပေါ့။ ရက်ကြာသွားရင်တော့ မြို့ထဲက ဂိုဒေါင်တွေ ပစ္စည်းနည်းသွားရင်တော့လည်း တက်ရင်တက်မှာပေါ့”လို့ ဆိုပါတယ်။
ထိုင်းကုန်ပစ္စည်းတွေဟာ မွန်ပြည်နယ်ထဲကို နေ့စဉ် ကားအစီးရေရာနဲ့ချီ တင်သွင်းမှုရှိခဲ့ပေမယ့် အခုအခါမှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကုန်ကျစရိတ် ပိုမိုများပြားလာတဲ့အတွက် ကုန်သည်အများစုလုပ်ငန်းရပ်နားလာကြတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ မြဝတီနယ်စပ်ကတဆင့် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ အခြေခံ စား သောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေကို အဓိက တင်သွင်းနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်