မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ ဗဟိုဦးဆောင် ကော်မတီဝင် ရဲဘော် ဆလိုင်းယော အောင်နဲ့ ဆက်သွယ်မေးမြန်းချက်။

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပေမယ့်နှစ်ကုန်အချိန်မှာတော့ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခ တွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဒါကြောင့်စစ်ကောင်စီဘက်က ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့NCA စာချုပ်အပေါ် အခြေခံတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအခင်းအကျင်း ဖြစ်လာနိုင်မလား၊ မြေပြင်အခြေအနေနဲ့ ဘယ်လိုကွာဟမှုတွေ ရှိနေလဲ။ ဒီအခြေ အနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၊ ဗဟိုဦးဆောင် ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ခေါင်းဆောင်ပြောတဲ့ ငြိမ်းချမ်းရေးနှစ်ဖြစ်တဲ့ဒီ ၂၀၂၂ ခုနှစ်ဟာ တကယ့်မြေပြင်မှာ ဖြစ်နေတာနဲ့ သူပြော တဲ့ဟာ ကွာဟမှုတွေအများကြီးဖြစ်နေတယ်။ ဒီအပေါ်သုံးသပ်ပေးပါ။

ပထမဆုံးပြောချင်တာက ငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေးပါတဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်း ရေးကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မလုပ်ပဲနဲ့ ငြိမ်းချမ်းရေးဆိုတာမရနိုင်ပါဘူး။ အပစ်ခတ်ရပ်စဲရေးတော့ရ မယ်။ ငြိမ်းချမ်းရေးရဖို့ကတော့ အတော်လေးခက်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင် တိုက်ပွဲတွေ၊ စစ်ပွဲတွေ မရှိတော့တာ ငြိမ်းချမ်းရေး မဟုတ် ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ကိုယ့်တိုင်းပြည်မှာ ရှိနေတဲ့ နိင်ငံရေးပဋိပက္ခ၊ နိုင်ငံရေးပြသာနာတွေ အားလုံးကို ဖြေရှင်းနိုင်မှပဲ ကျွန်တော်တို့ တိုင်းပြည်က ငြိမ်းချမ်းရေး ရမယ်လို့ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကြည့်တဲ့အခါမှာလည်း လူထုကအပ်နှင်းတဲ့ အစိုးရတွေကသာ ဒီငြိမ်းချမ်းရေးကို ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ ပြီးတော့မှကျွန်တော်တို့ ငြိမ်းချမ်းရေးကို ရယူခဲ့တာ ဖြစ်တယ်။ ကျွန်တော့်အတွေ့အကြုံအရ ပြောမယ်ဆိုရင်တော့ ဒီစစ်တပ်နဲ့က ငြိမ်းချမ်းရေးရဖို့က အတော်လေး အလှမ်းဝေးတယ်လို့ ကျွန်တော်မြင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ NLDအစိုးရလက်ထက်တုန်းက ၂၁ရာစုပင်လုံမှာ ကျွန်တော်တို့နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျွန်တော်တို့လုပ်ကြတယ်။ လုပ်တဲ့ အခါမှာလည်း အနှောင့်အယှက်ပေးတာ စစ်တပ်ကပဲ အနှောင့်အယှက်ပေးတာ။ အဟန့်အတားလုပ်ခဲ့ တာ လည်း စစ်တပ်ကပဲ အဟန့်အတား လုပ်ခဲ့တာဆိုတော့ ဒီစစ်တပ်နဲ့တော့ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဆွေးနွေး ဖို့က ကျွန်တော်ထင်တယ် အတော်လေးအလှမ်းဝေးမယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ် ချင်တယ်ဆိုရင် ကျွန်တော်မြင်တာကတော့ လွယ်ပါတယ်။ ဒါပေမယ့် ဒီနေ့စစ်ကောင်စီက ပါးစပ်ကတော့ ငြိမ်း ချမ်းရေးလို့ ပြောတယ်။ ဒါပေမယ့် တိုင်းပြည်မှာ ကြည့်ကြည့်ပါ။ ကျွန်တော်တို့ တိုက်ပွဲအရှိန် တွေပိုပြီးမြင့် လာတယ်။ ပိုပြီးမြင့်လာပြီးတော့ ကျွန်တော်တို့ လူထုက အတော်လေးဒုက္ခရောက်နေတဲ့ အခြေအ နေမျိုးဖြစ် တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မဟုတ်ဘူးဆိုရင်တော့ ဒီငြိမ်းချမ်း ရေးက ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မဖြစ်နိုင်ပါဘူး။ ဆိုတော့ ကျွန်တော် နိဂုံးချုပ်ချင်တာက တော့ ဒီနေ့ စစ်တပ်ကပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာကျွန်တော်ထင်တယ်။ တော်တော်လေးတော့ ဝေးဦး မယ်လို့ ထင်တယ်။ ဒီနေ့စစ်တပ်က ၂၀၂၂ကို ငြိမ်းချမ်းရေး နှစ်လို့ ပြောခဲ့တယ်။ စတည်းကပဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ တယ်။ အခုထက်ထိလည်းတိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ ဖြစ်တယ်။ ဆိုတော့ ဒါကိုကြည့်ခြင်း အားဖြင့် တကယ်ကို ငြိမ်းချမ်းရေးလိုချင်သလား မလိုချင်ဘူးလားဆိုတာ ကျွန်တော်ထင်တယ်။ သိသာ ထင်ရှား တဲ့အဖြေတစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။

-ဆိုတော့ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ဘယ်လို မြင်ပါသလဲ။

နောက်တစ်ခုက စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA စာချုပ်လမ်း ကြောင်းအတိုင်း သွားမယ်လို့ ပြောတယ်၊ သူ့ဘက်ကတော့ တိုင်းရင်းသားအင်အားစုတွေနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးတံခါးဖွင့်တာလို့ပြောပါတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုး ထားတဲ၇ဖွဲ့နဲ့ ဆွေးနွေးခဲ့ကြတယ်။ ပထမ တစ်ဖွဲ့ချင်းဆွေးနွေးခဲ့ ကြတယ်။ အခု အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့၇ဖွဲ့က အားလုံးစုစုစည်းစည်းနဲ့ တွေ့ပါမယ်ဆိုတဲ့အခါကျတော့ အခုသူကအဆင် သင့်မဖြစ်သေးဘူးဆိုပြီး အကြောင်းပြန်တာကြားရပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူကတစ်ဖွဲ့ချင်းနဲ့ပဲ ဆွေးနွေးချင်တာ ဖြစ်တယ်။ အဲဒီတော ငြိမ်းချမ်းရေးကို ဆွေးနွေးမယ်ဆိုရင် တစ်ဖွဲ့ချင်းနဲ့ ဆွေးနွေးလို့ မရဘူး။ ဒီနေ့ကျွန်တော်တို့ အားလုံးနဲ့တွေ့ဆုံဆွေးနွေးမှ အဖြေကိုရှာနိုင်မှာဖြစ်တယ်။ အဲဒီတော့ တစ်ဖွဲ့ချင်းနဲ့ ဆွေးနွေး တယ်။ သဘောတူညီမှုတွေ သူတို့ ရကြတယ်။ ဒါပေမယ့်လည်း အဲ့ဒီသဘောတူညီမှုတွေကို ဘယ်အဖွဲ့ မပြော ရဘူး၊ ဘယ်သူ့မပြောရဘူးစသဖြင့် အကန့်အသတ်တွေနဲ့ ဆွေးနွေးသမျှကာလပတ်လုံးကတော့ ကျွန်တော်မြင် တယ်  ငြိမ်းချမ်းရေးဆိုတာဝေးနေဦးမှာပဲ။

လက်မှတ်မထိုးတဲ့အဖွဲ့တွေနဲ့ရော ဒီနေ့သူရဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ဖို့ အတွက်ဆောင်ရွက်မှုတွေက အရာရောက်သလားလို့ သေချာကြည့်ကြည့်ပါ ။ ကျွန်တော်တို့ အားလုံးအသိ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး အသိပါပဲ။ အရာမရောက်ပါဘူး။ အခုက သူက အဓိကဝနဲ့ ဆွေးနွေးတယ်။ မိုင်းလားနဲ့ဆွေးနွေးတယ်။ အဲဒီလောက်ပဲ ဆွေးနွေးနိုင်တာပါ။ ကျန်တဲ့ အဖွဲ့တွေနဲ့ ဘာမှတိတိကျကျ သဘော တူညီမှုတွေ ရတယ်ဆိုတာ မရှိပါဘူး။ အခုဝကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ။ သူ့အနေနဲ့ ပေးပိုင်ခွင့် မရှိပါဘူး။ ဒါတွေက သူ့ရဲ့နိုင်ငံရေးအမှားတွေပဲဖြစ်တယ်။ အဲဒီအကျိုးဆက်ကို သူခံရမှာ ဖြစ်တယ်လို့ ပြောချင် ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကောင်အထည်ဖော်တဲ့အခါမှာ ကျွန်တော်တို့ဒီပြသာနာထဲမှာ ပါဝင်နေတဲ့ အင်အားစု အားလုံးတွေ့ဖို လိုအပ်ပါတယ်။ အရင်တုန်းက ၂၀၂၁ မတိုင်ခင်ကတော့ အထူးသဖြင့်တော့ ကျွန်တော်တို့် တိုင်းရင်းသားလက် နက်ကိုင် တော်လှန်ရေးအင်အားစု တွေနဲ့ စစ်တပ်နဲ့ဖြစ်တဲ့ပြသာနာပေါ့။ ဒါပေမယ့် ၂၀၂၁ပြီးတဲ့အခါမှာ ကျွန်တော်တို့ နိုင်ငံရေးပုံစံ အသစ်တွေ ပြောင်းလဲလာတယ်။ အခု NUGဆိုတာပေါ်လာတယ်။ PDFတွေရှိလာတယ်။ ရှေ့ငြိမ်းချမ်းရေး တိုင်းပြည် အတွက်ကို ငြိမ်းချမ်းရေးတည်ဆောက်ချင်တယ်ဆိုရင် ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ NUGလည်း ကျွန်တော်တို့ ပါဖို့လိုတယ်။ ဒါမှပဲ ကျွန်တော်တို့ အဖြေရမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ပဲ ဘယ်သူမပါရဘူး၊ ဘယ်သူပါရမယ်ဆိုတဲ့ ကန့်သတ်မှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘယ်သူမှသွားလို့ မရဘူးလို့ ကျွန်တော် မြင်ပါတယ်။

-ဒီအခြေအနေကစစ်မှန်တဲ့ ငြိမ်းချမ်းရေးအခင်းအကျင်း ဖြစ်လာနိုင်မလား၊ ဘယ်လိုသုံးသပ်ပါသလဲ။

ကျွန်တော့်အမြင်ကတော့ ငြိမ်းချမ်းရေးကို ဆွေးနွေးတဲ့အခါမှာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက သွားလို့တော့ ငြိမ်းချမ်းရေးဆိုတာ ရနိုင်မှာမဟုတ်ဘူး။ သူNLDလက်ထက်တည်းကလည်း သူပြောပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူပြင်ချင်တဲ့ဟာက ကျွန်တော်တို့ လိုချင်တဲ့ အခြေ အနေမျိုးမဟုတ်ဘူး။ ကျွန်တော်တို့က ၂၀၀၈ကြီးကို ပြင်တာထက်ကို ပြင်နေမယ့်အစား၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ရေးတာကပိုပြီး လွယ်မယ်လို့ထင်တယ်။ ပြောမယ်ဆို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥ ပဒေဘောင်ထဲက တော့ ဘယ်တော့မှ ကျွန်တော်တို့ တိုင်းပြည်ငြိမ်းချမ်းရေးရမှာမဟုတ်ဘူး။ အခုလည်း ကျွန်တော်အနေနဲ့က တော့ ၂၀၀၈အခြေခံဖွဲ့စည်းပုံ ဥပဒေဆိုတာ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ လူထုတစ်ရပ်လုံးကလည်း လက်မခံဘူး။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပယ်ဖျက်ထားပြီးသားဖြစ်တယ်ဆိုတော့ ၂၀၀၈ ထဲကပဲ သူကသွားချင်တယ်ဆိုတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်။

-နောက်ဆုံးအနေနဲ့ ဒီအခင်းအကျင်းပေါ်မှာ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုပြီး တိုးမြှင့် လုပ်ဆောင် လာနိုင်မှာလား၊ ဒါမှမဟုတ် စစ်ကောင်စီကို တရားဝင်ဖြစ်စေမယ့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေကို ပိုမိုချေမှုန်းလာနိုင်မှာလား၊ ဘယ်လိုမြင်လဲ။

သူက ငြိမ်းချမ်းရေးကို လိုချင်တာမှမဟုတ်ပဲ။ သူက ဒီနေ့သူ့ဆီမှာရှိတဲ့ နိုင်ငံရေးအခက်အခဲအကြပ်အတည်းတွေကို ရှောင်လွှဲ ချင်တဲ့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတာပဲ ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှုတွေက လည်း ကြည့်မယ်ဆိုရင် အနှစ်သာရပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မဟုတ်ပါဘူး။ အဲဒီတော့ သူ့မှာ လုပ်ပိုင်ခွင့် လည်း မရှိပါဘူး။ သူကရှေ့ဆက်တိုးပြီး လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ ကျွန်တော်တို့ ပိုပြီးတော့ အလှမ်းဝေးနေမှာပဲ။ အခု လက်ရှိအခြေအနေကို အကဲခတ်ဖို့လိုပါမယ်။ သူကတကယ် ငြိမ်းချမ်းရေးကို လိုချင်တာလား၊ ဒါမှမဟုတ် စစ်ပွဲတွေကိုပဲ သူကဖန်တီးချင်တာလား ဆိုတာ ကျွန်တော် ထင်တယ်။ လက်ရှိ ကာလအခြေအနေကို ကြည့်မယ်ဆို ပိုပြီးသိနိုင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် ကျွန်တော်ခုနက အစကပြောခဲ့သလိုပဲ လွယ်ပါတယ်။ ဒီနေ့သူ့တပ်တွေအားလုံး ကျွန်တော်တို့ အခု လက်ရှိ နေရာကနေ အားလုံးဆုတ်ဖို့ လိုတယ်။ တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲရေး ကြေငြာပြီး အကုန်လုံးတပ်တွေ ပြန် ဆုတ် ဖို့လိုတယ်။ ပြီးရင် ကျွန်တော်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လိုတယ်။ အဲဒီလိုမျိုး လုပ်လာ ပြီဆိုရင်တော့ ကျွန်တော်တို့က သူငြိမ်းချမ်းရေးလိုလာပြီလို့ ကျွန်တော်တို့က ယူဆ လို့ရတယ်။ အဲဒီလိုမျိုး မလုပ်ပဲနဲ့ အခုတိုက်ပွဲတွေပဲ ဆက်ပြီးတော့ ဖော်ဆောင်နေမယ်။ လုထူကို ပိုပြီးတော့ညှင်းပန်း နှိပ်စက်မှုတွေ လုပ်နေမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်။ ငြိမ်းချမ်းရေးက ပိုပြီးအလှမ်းဝေးမယ်မှာ ဖြစ်သလို ဒါသူ့ရဲ့ အနာဂတ်ကို သူရွေး ချယ်နေတယ်လို့ပဲ ပြောရမယ်။ မြန်မာနိုင်ငံမှာတော့ ဒီစစ်တပ်နဲ့တော့ ကျွန်တော်တို့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ မဖြစ်နိုင်တော့ဘူး ဖြစ်တယ်။ ဒီစစ်တပ်နိဂုံးချုပ်မှပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးရမယ်လို့ကျွန်တော်က မြင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.