ရန်ကုန်၊ ဒီဇင်ဘာ(၂၄)
စစ်ကောင်စီကို ဖိတ်ခေါ်ပြီး ထိုင်းအစိုးရက ဦးဆောင်ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေး နွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေအတွက် ပြေလည်စေမယ့် ရလဒ်ထွက်မှာမဟုတ်ဘူးလို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ခေါ်ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ အလွတ်သဘောဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်တဲ့တွေထဲက လာအို၊ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့က ကိုယ် စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ဒီဆွေးနွေးမှုဟာ တရားဝင်မှုမရှိသလို အာဆီယံကိုလည်း ကိုယ်စားမပြုတဲ့အတွက် မြန်မာ့အရေးကိစ္စကို ပြေလည်စေမှာမဟုတ်ဘူးလို့ တုံ့ပြန်တာပါ။
“အာဆီယံအနေနဲ့ ပြီးခဲ့တဲ့ Summit (ထိပ်သီးအစည်းအဝေး)မှာတုန်းကမူ ၅ ချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သေသေချာချာ အက်ရှင်ပလန်နဲ့ အကောင်အထည်ဖော်ဖို့ လုပ်ကိုင်ဆောင်ရွက်နေတာရှိသလို ကုလသမဂ္ဂမိတ်ဖက် အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စမှာပါဝင်ကူညီကြဖို့လည်း ပြောခဲ့တာရှိတယ်။ ဒါရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် UNSC ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ် သက်တဲ့ Resolutions (ဆုံးဖြတ်ချက်တွေ)လည်း ကျသွားပြီ။ ဒီလမ်းကြောင်းအတိုင်းသာ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး တရားဝင်မဟုတ်တဲ့ အလွတ်သဘောတွေ့ဆုံမှုတွေက မြန်မာ့နိုင်ငံရဲ့အရေးကိစ္စကို ပြေလည်စေဖို့ ဘယ်လိုမှ ရလဒ်လည်းထွက်မှာမဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်နိုင်တဲ့အတွက် အာဆီယံခေါင်းဆောင်တွေပါတဲ့ ညီလာခံတွေမှာ တက်ရောက်ခွင့်မရခဲ့တဲ့ စစ်ကောင်စီဟာ ဒီအလွတ်သဘောဆွေးနွေးမှုမှာ တက်ရောက်ခွင့်ရခဲ့တာပါ။
ဒါပေမယ့်လည်း အာဆီယံရဲ့အရေးကြီးအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်လာခြင်း မရှိခဲ့ပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီဆွေးနွေးမှုကနေ ဘာဆုံးဖြတ်ချက်မှ ချမှတ်နိုင်မှာမဟုတ်သလို စစ်ကောင်စီကို နိုင်ငံတကာမှာ အသိအမှတ်ပြုခံရအောင် ထိုင်းကကျင်းပပေးတဲ့ အစည်း အဝေးသာဖြစ်တယ်လို့ ဝေဖန်တာပါ။
“အဲဒီနိုင်ငံတွေ အဲဒီအဖွဲ့အစည်းတွေအားလုံးက တရုတ်နဲ့ ရုရှားအလိုကျ စစ်ကောင်စီနဲ့ နားလည်မှုရယူထားတဲ့ အာဆီယံထဲက အစိတ်အပိုင်းတစ်ချို့သာ ဆွေးနွေးတဲ့အတွက် ဒီအစည်းအဝေးက မြန်မာပြည်ပြဿနာဖြေရှင်းရေးအတွက် ဘာမှဆုံးဖြတ်ချက်ချနိုင်မှာမဟုတ်ဘူး။ အာဆီယံဆုံးဖြတ်ချက် ၅ ရပ်ကိုလည်း အကောင်အထည်ဖော်မှာမဟုတ်တဲ့ စစ်ကောင်စီကို နိုင်ငံတကာမှာ လူဝင်ဆံ့အောင် အသိအ မှတ်ပြုခံရအောင် ကျင်းပပေးတဲ့ ထိုင်းနိုင်ငံဦးဆောင်တဲ့ အစည်းအဝေးပဲလို့ ကျွန်တော်တို့က ယူဆတဲ့အကြောင်းပြောလိုပါတယ်” လို့ သူကဆိုပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီအလွတ်သဘောဆွေးနွေးမှုမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ကိစ္စ၊ မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတာတွေကို တင်ပြခဲ့တယ်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် စစ်ကောင်စီက သူတို့အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အားပေးထောက်ခံတာမျိုး မလုပ်ဖို့ တင်ပြခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်တွေ့မှာတော့ စစ်ကောင်စီတပ်ဟာ အရပ်သားနေအိမ် မီးရှို့ဖျက်ဆီးခံရတာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာစတဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံကဦးဆောင်တင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်