ရန်ကုန် – ဒီဇင်ဘာ(၂၃)

ရန်ကုန်မြို့က လူအများသွားရောက်လေ့ရှိတဲ့ Bar နဲ့ Club တွေမှာ ငါတို့နိုင်ရင် ဒီ့ထက်ပို ပျော်ရမှာကွာ ဆိုတဲ့ စာတန်းပါ စတစ်ကာတွေကပ်ပြီး Yangon Revolution Force – YRF ( Soft Strike Community ) က ရဲဘော်တွေဟာ လူထုကို လှုံ့ဆော်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်နီးပါးကာလအတွင်း ပြည်သူတွေဟာ အာဏာရှင် ကိုဆက်လက်တော်လှန်နေဆဲဖြစ်သလို အသက်၊အိုးအိမ်၊စည်းစိမ်တွေကို စွန့်လွှတ်ပြီး အာဏာရှင် ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ့် နွေဦးတော်လှန်ရေး သူရဲကောင်းတွေရှိနေဆဲဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ရန်ကုန် အပါ အဝင် မြို့ပြဒေသတွေက ပြည်သူတွေဟာ နွေဦးတော်လှန်ရေးကို ပါဝင်ပံ့ပိုးမှု အားနည်းနေပေမယ့် ရရာနည်းလမ်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးပေးနေတဲ့ မြို့ပြနေပြည်သူ တွေ ရှိနေတယ်လို့ ဆိုထားပါတယ်။

နှစ်ကုန်ခါနီးဖြစ်တဲ့ လက်ရှိကာလမှာ စစ်ကောင်စီရဲ့ အကွက်ကျကျ စီမံမှုနဲ့ ညဘက်အပန်းဖြေစရာ နေရာတွေ ကို ဖန်တီးထားတဲ့အတွက် ရန်ကုန်မြို့ဟာ သွေးအေးနေပြီး ပုံမှန်အခြေအနေအတိုင်း လည်ပတ်သလို ဖြစ်နေတယ်လို့ YRF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ အပန်းဖြေ အနားယူချိန်တွေမှာ စစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ Bar၊Club၊ စားသောက်ဆိုင်၊ ခန်းမ နဲ့ တည်းခိုရာ နေရာတွေကိုရှောင်ကျဉ်ကြဖို့နဲ့ စစ်တပ်နဲ့ ဆက်နွယ် သူတွေကို မဖြစ်မနေ boycott လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Yangon Revolution Force – YRF (Soft Strike Community)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.