ရန်ကုန် – ဒီဇင်ဘာ(၂၃)
ရန်ကုန်တိုင်း တာမွေမြို့နယ်နိဂြောဓလမ်းပွဲစျေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး (၂) ဦးထိမှန်ဒဏ်ရာရရှိ ခဲ့တယ်လို့ မျက်မြင်တွေ့သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ ဒီဇင်ဘာလ(၂၃) ရက်နေ့ ည(၈) နာရီခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
“လူ(၂)ယောက်ထိသွားတယ်။ မျက်စေ့ရှေ့တင်ဖြစ်သွားတာ သေတော့မသေဘူး” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေဟာ အလှူခံနေတဲ့ သူတွေဖြစ်တယ်လို့ ပြောတာရှိပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုလို့တော့ မရခဲ့ပါဘူး။
ဒီဖောက်ခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအဖွဲ့တွေက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထား တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ