ကော့ကရိတ်၊ ဒီဇင်ဘာ(၂၄)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ ကော့ကရိတ်ဒေသခံတွေထံကနေ သိရပါတယ်။

ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်နေတာကြောင့် ကာ့ကရိတ်မြို့အနီးရှိ ကော့နွဲ့ကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လတ်တလောမှာ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူ(၃)ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၁၂ ဦးထက်မနည်း ရှိနေသလို နေအိမ်တွေအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့ထံက သိရပါတယ်။

မနေ့ကကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ရဲဘော်အများအပြားသေဆုံးခဲ့ပြီး အရေအတွက်အတိအကျမသိရသေးဘဲ ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်(၁)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ NUG ရဲ့ တောင်ပိုင်းစစ်ဒေသ သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ကစပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေသလို အာရှလမ်းမပိုင်းက တောနော်တံတားအနီးမှာရှိတဲ့ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံထိလို့ သွားလာနေတဲ့ခရီးသည်တွေ အခက်အခဲကြုံနေရကာ ယာဉ်အသွားအလာပိတ်ဆို့မှုတွေ နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.