ရေး၊ ဒီဇင်ဘာ(၂၃)
မွန်ပြည်နယ်၊ ရေးမြို့၊ စစ်ကောင်စီခန့် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကို သေနတ်သမားတစ်ဦးက ဆိုင်ကယ်နဲ့လာပြီး အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဦးကျော်အောင်မှာ ညာဘက်နံကြားနဲ့နောက်ကျောတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၅ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။
သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးကျော်အောင်ကို သူတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ရာမညပြောက်ကျားတပ်ဖွဲ့(R.G.F)က သတင်းထုတ်ပြန်ပါတယ်။
အုပ်ချုပ်ရေးမှူးဦးကျော်အောင်ဟာ စစ်ကောင်စီနဲ့ပေါင်းပြီး အပြစ်မဲ့ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်တာ၊ သတင်းပေး ဆောင်ရွက်မှုတွေအပေါ် တိုင်ကြားစာတွေများလာတဲ့အတွက် ပစ်ခတ်ရှင်း လင်းခဲ့တာလို့ ရာမညပြောက်ကျားတပ်ဖွဲ့(R.G.F)က ဆိုပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် သတင်းပေးဒလန် ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်လင်းခံထားရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်