ဝါရှင်တန် – ဒီဇင်ဘာ(၂၂)
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အနေနဲ့ ဒီထက်ပိုအားကောင်းတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်လာဖို့ မျှော်လင့်တယ် လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ(၂၂) ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက ကန့်ကွက်သူမရှိဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးနောက် ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။
ကုလသမဂ္ဂက အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြည်သူတွေရဲ့ အသံကိုနားထောင်ပြီး မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ဝိုင်းဝန်းအားပေးကြဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုထားပါတယ်။
ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အာဆီယံကနေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည် ဖော်ဖို့နဲ့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံး ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံအထူးသံတမန်တွေနဲ့ လက်တွဲပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ စတင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနဲ့ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံတို့ကနေ ထောက်ခံမဲ (၁၂) မဲနဲ့ တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ကြားနေမဲအဖြစ်၊ ကန့်ကွက်တဲ့ နိုင်ငံမရှိဘဲ ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်