လေးကေကော် – ဒီဇင်ဘာ(၂၂)

ကရင်နှစ်သစ်ကူးနေ့မှာ ကရင်တိုင်းရင်းသားတွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိဘဲ စစ်ဘေးရှောင် ဘဝနဲ့ ဖြတ်သန်းနေရတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဒီဇင်ဘာလာ(၂၂) ရက်နေ့မှာ ကျရောက်တဲ့ ကရင်နှစ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ မှာ NUG ရဲ့ သဝဏ်လွှာမှာဖော်ပြထားတာပါ။ ၂၇၆၂ ကရင်နှစ်မှာ ကရင်လူမျိုးအားလုံး ဝမ်းမြောက်ရွှင်လန်းပြီး ကရင်လူမျိုးတို့ရဲ့ ရည်ရွယ် ချက်တွေကို ဆောင်ကြဉ်းပေးတဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့လည်း NUG က ဆုတောင်း ပေးထားပါတယ်။

ကရင်နှစ်ကူးအချိန်အခါဟာ ကရင်လူမျိုးတို့ရဲ့ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာ လက်ဆင့်ကမ်းလာခဲ့တဲ့ စာပေ၊ဂီတ၊အနုပညာ၊စားဖွယ်သောက်ဖွယ် စုံလွင်စွာနဲ့ ပွဲလမ်းသဘင် တွေကျင်းပရမယ့် အချိန်ကာလဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေကြောင့် ကရင် ပြည်သူ မြောက်များစွာဟာ ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာစစ်ဘေးရှောင်ဘဝ နဲ့ ဖြတ်သန်းနေရတဲ့အတွက် များစွာဝမ်းနည်းကြေကွဲရတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်တည်ခဲ့တဲ့ ခေတ်အဆက် ဆက်က သံသယတွေ၊ ပဋိပက္ခတွေကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ကရင်လူမျိုးတွေနဲ့ အတူတကွ လက်တွဲလျှောက်လှမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.