ရန်ကုန်၊ ဒီဇင်ဘာ(၂၂)

တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ခဲ့ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်း ထန်လာနေတဲ့အတွက် စစ်ရေးအရှိန်တိုးမြှင့်မှုတွေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေး နှစ် ဖြစ်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAOs ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး ဆွေး နွေးဖို့ ကမ်းလှမ်းခဲ့တာပါ။

တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန် နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ချန်လှပ်ထား ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့ အစည်းတွေ စည်းလုံးမှုမရှိအောင်လုပ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုကလည်း ဘာရလဒ်မထွက်မှန်း သိသိနဲ့ ဆက်လုပ်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒါတွေက စစ်အာဏာရှင်တွေက ဟိုးတုန်းကတည်းက ဒီကနေ့အထိ ကွပ်ကဲအုပ်ချုပ်ရေးစနစ်နဲ့ တစ်ဖွဲ့မှာ တိုက်ထားမယ်၊ တစ်ဖွဲ့မှာ ရပ်ထားမယ်။အဲဒီလိုပဲ တော်လှန်ရေးအဖွဲ့အစည်းတွေ စည်းလုံးညီညွတ်မှုမရှိအောင် တောက်လျှောက်လုပ်နေတာပဲလေ။ ဒါပေမယ့် ဘာရလဒ်မှ မထွက်မှန်းတော့ သိနေတာပဲ၊ဆက်လုပ်နေတာပဲ လေ။ ကျွန်တော်တို့က ဘာမှပြောစရာမရှိဘူး။ ဒီဟာတွေကို ဘယ်လိုမှလည်း လက်ခံလို့မရနိုင်တဲ့အခါကျတော့ သူ့ (စစ်ခေါင်းဆောင်)ဟာသူ ပြောနေတာပဲ၊ သူ့အပြောနဲ့သူ့အလုပ် တစ်ခြားစီဖြစ်နေတာလေ” လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတွေအတွင်း အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်ရှိနေသေးသလို ဒေသခံတွေရဲ့ နေအိမ်အဆောက်အအုံ့ မီးရှို့ဖျက်ဆီးမှုတွေကိုလည်း နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် PDF ပူးပေါင်းတပ်တို့နဲ့ မြေပြင်ထိပ်တွေ့ တိုက် ပွဲတွေမှာ အရေးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကိုလည်း တိုးမြှင့် လုပ်ဆောင်နေတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်ကတော့ တိုင်းပြည်မှာ တိုက်ပွဲအရှိန်ပြင်းထန်နေတဲ့အတွက် စစ်တပ်ပြောတဲ့ ငြိမ်းချမ်းရေး ဟာ အတော်လေး ဝေးနေဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မဟုတ်ဘူးဆိုရင်တော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမဖြစ်နိုင်ပါဘူး။ ဒီနေ့ စစ်တပ်က ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ အတော်လေးဝေးဦးမယ်လို့ ထင် တယ်။ စစ်တပ်က ၂၀၂၂ ကို ငြိမ်းချမ်းရေးနှစ်လို့ ပြောခဲ့တယ်။ စကတည်းကပဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်၊ အခုအထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတုန်းဖြစ်တယ်။ ဆိုတော့ ဒါကို ကြည့်ချင်းအားဖြင့် တကယ်လို့ ငြိမ်းချမ်းရေးလိုချင်သလား၊ မလိုချင်ဘူးလားဆိုတာ သိသာထင်ရှားတဲ့ အဖြေတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်တဲ့ အစီ ရင်ခံစာအရ နိုင်ငံတဝန်း စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးရသူတစ်သန်း ကျော်အထိ ရှိလာပြီလို့ ဖော်ပြပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လုံခြုံရေးတင်းကျပ်မှုတွေ၊ သွားလာဝင်ရောက်ခွင့် ကန့်သတ်ချက် တွေနဲ့ အကူအညီပေးတဲ့သူတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးဆိုင်ရာ သဘောတူစာချုပ် NCA နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွား မယ်လို့ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့NCA ချုပ်ဆိုခြင်း (၇) နှစ်ပြည့် မိန့်ခွန်းမှာ စစ်ခေါင်းဆောင် က ဆိုထားပါတယ်။

အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ အခုနှစ်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်ဖို့ အစပျိုးမှုဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ငြိမ်းချမ်းရေးနှစ်ဆိုတာက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် စတင်လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းကို ဖော်ဆောင်နိုင်တဲ့ နှစ်လည်း ကျွန်တော်တို့ အဲဒီလို စဉ်းစားလို့ရသလို ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်အောင် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစပျိုးမှုတစ်ခု လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့က အဲဒီလိုမျိုး ဖြစ်မလားဆိုတာကိုတော့ ကိုယ့်စဉ်းစားချက်နဲ့ကို စဉ်းစားကြည့်မိတာ ရှိတယ်” လို့ သူက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ကောင်စီအနေနဲ့ ဒီငြိမ်းချမ်းရေးနှစ်ဟာ လက်ရှိတိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို ပြောင်းပြန်လှန်ပြီး ကမ္ဘာကြီးကို လိမ်ညာဖို့ ကြိုးစားတာလို့ ဆိုပါတယ်။

“လက်တွေ့အားဖြင့်က သမိုင်းမှာ မကြုံဖူးတဲ့ အကြမ်းဖက်မှုမျိုးစုံကို စစ်ကောင်စီက ကျုးလွန်နေတဲ့ အနေအ ထားကို တစ်ကမ္ဘာလုံးက သိကြပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီပြန်လည်ထူ ထောင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကို မြန်မာပြည်သူကလည်း လက်မခံ ပယ်ချထားပါတယ်။ ကမ္ဘာကလည်း အသိအ မှတ်မပြုကြပါဘူး။ ဒါကြောင့် သူပြောနေတဲ့ ငြိမ်းချမ်းရေးနှစ်ဆိုတာ တကယ့်တည်ရှိနေတဲ့ မြန်မာပြည်ထဲက အနေအထားတွေကို ပြောင်းပြန်လှန်ပြီး ကမ္ဘာကြီးကို လိမ်ညာဖို့ကြိုးစားတဲ့ အလုပ်တွေသာဖြစ်တယ်လို့ ကျွန်တော်တော့ သုံးသပ်ပါတယ်”လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီအနေနဲ့ လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ နောက်ဆုံးအကြိမ် ထပ်တိုးထားတဲ့ အရေးပေါ်ကာလ သက်တမ်းဟာလည်း လပိုင်းသာ ကျန်ရှိတော့တာပါ။

ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အကြားအလပ်မရှိ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကောင်စီက မျှော်မှန်းထားတဲ့အတွက် တော်လှန်ရေး အင်အားစုတွေအပေါ် အကြမ်းဖက်နှိပ်နင်းရေး ခေါင်းစဉ်အောက်ကနေ စစ်ရေး အရှိန်မြှင့်တင်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စစ်ကောင်စီက ရုရှားနဲ့ တရုတ်နိုင်ငံထုတ် စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက် ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်တွေကို တရားဝင်ထုတ်ပြတာတွေရှိခဲ့တဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာနိုင်တယ်လို့ CDM လေတပ်အရာရှိတွေက သုံးသပ်ကြပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ စစ်တပ်အာဏာ သိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်ကနေ အခုနှစ် နိုဝင်ဘာ (၁၅) ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.