ကျိုက်ထို၊ ဒီဇင်ဘာ(၂၂)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက စစ်ကောင်စီအထိုင်တပ်တွေမှာ လက်နက်ကြီးတွေ တိုးချဲ့တပ်ဆင်လာပြီး အထိုင်စစ်ရေး ပြင်ဆင်မှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဒီဇင်ဘာလလဆန်းပိုင်းကစပြီး ကျိုက်ထိုမြို့နယ်ထဲက အထိုင်တပ်တွေမှာ ဟောင်ဝင်ဇာအမြောက်ကြီးတွေ၊ ၁၂၀ မမ ပစ်ခတ်နိုင်တဲ့အမြောက်တွေအပြင် တာဝေးပစ်လက်နက် ကြီးတွေကိုပါ တိုးချဲ့တပ်ဆင်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းနဲ့ ကျိုက်ထို-ကင်မွန်းချောင်းကားလမ်းတစ်လျှောက်က ကျေးရွာတွေအနီး ပတ်ဝန်းကျင်မှာလည်း တပ်အင်အားတိုးချဲ့ပြီး တပ်စွဲနေထိုင်တာနဲ့ ကင်းပုန်းဝပ်တာတွေ ပိုမို လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပြင်ဆင်မှုဟာ စစ်ကြောင်းထိုးထားထက် ဗျူဟာပြောင်းပြီး အထိုင်တပ်တွေကို ကာကွယ်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားပါကလည်း လက်နက်ကြီးတွေကို ပိုမိုအသုံးပြုဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ကျိုက်ထိုမြို့နယ်ထဲက PDF တပ်စခန်းတွေ ရှိနိုင်တဲ့နေရာတွေကို လေယာဉ်နဲ့ ကင်းထောက်တာတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်မ(၄၄) ဌာနချုပ်အပြင် ခြေလျင်၊ခြေမြန်နဲ့ အမြောက်တပ် အပါအဝင် တပ်ရင်း ၈ ရင်း ရှိနေတာ ဖြစ်ပြီး တပ်ရင်းတိုင်းကို အထူးလုံခြုံရေး တင်းကျပ်ထားကာ လုံခြုံရေး အတွက် စစ်သည်ရဲမေတွေကိုပါ အသုံးပြုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.