ဖာပွန်၊ ဒီဇင်ဘာ(၂၁)
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေးတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဒေသခံတွေရဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တပ်မဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၉)ရက်နေ့ မနက်(၈)နာရီအချိန်က KNU ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာ အုပ်စု ခေါဝါးရွာရဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး(၂)လုံးလာရောက်ကြဲချခဲ့ပြီး မနက်(၁၀)နာရီ (၄၁)မိနစ်အချိန်မှာလည်း ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ(၁၈)ရက်နေ့ ည(၇)နာရီကျော်အချိန်က စစ်ကောင်စီတပ်က ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာ အုပ်စု ဝါသိုးလောကျေးရွာထဲကို တိုက်လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချခဲ့ပြီး နေအိမ်(၁၁)လုံးနဲ့ စပါးကျီ(၁)လုံး ဗုံးထိမှန်ပျက်စီးခဲ့သလို အဲ့ဒီနေ့ ည(၇)နာရီအချိန်ခန့်မှာလည်း တိုက်လေယာဉ်နဲ့ ဗုံးထပ်မံလာရောက်ကြဲခဲ့ရာ နေအိမ်(၈)လုံးနဲ့ စပါးကြိတ်စက်(၁)လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီတပ်က ဖာပွန်ခရိုင် မဲဝိုင်ဒေသအတွင်း (၂)ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးတွေလာရောက် ကြဲချခဲ့တာကြောင့် ဒေသခံရွာသားတွေရဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့တဲ့အတွက် ရွာသားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တပ်မဟာ(၅)က ဆိုထားပါတယ်။
ဖာပွန်ခရိုင်ထဲမှာ အခုရက်ပိုင်းတွေထဲ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ(၁၅)ကနေ (၁၇)ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အနည်းဆုံး(၄)ဦးခန့်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်