မော်လမြိုင်၊ ဒီဇင်ဘာ(၂၁)
မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း မွေးမြူရေးလုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် ၇၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်းတွေရပ်နားလာရတယ်လို့ မွေးမြူရေးလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုတွေဖြစ်တဲ့ အစားနဲ့ဆေးဝါး ဈေးနှုန်း (၂)ဆကျော် မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ အထွေထွေကုန်ကျစရိတ် အဆမတန် ကြီးမြင့်နေတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်းတွေဟာ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ပြီး အရှုံး ပေါ်နေတာကြောင့် ၇၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်းတွေ ရပ်နားလာရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အခြေအနေက မကောင်းဘူး။ ဈေးကွက်က ခြံဖမ်းဈေးတွေက တအား ကျတယ်။ ထုတ်လုပ်စရိတ်က မြင့်နေတာပေါ့။ အဲဒီအတွက်ကို အရှုံးများတာပေါ့။ ထုတ်လုပ်စရိတ်က တစ်ပိဿာကို (၆၂၀၀)လောက် ကျတဲ့အချိန်မှာ ဈေးကွက်ထဲမှာ ခြံဖမ်းဈေးက (၅၄၀၀) လောက်ပဲရှိတယ်ဆိုတော့ တစ်ပိဿာထုတ်လုပ်တိုင်း သူကအဲဒီ (၈၀၀) (၁၀၀၀)လောက် ရှုံးတာပေါ့။ အခုလက်ရှိ အနေအထားအရတော့ (၁၀၀)ဆိုရင် (၇၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းလောက်က မွေးသမားမရှိတော့ဘူး။ ရပ်သွားပြီ။ နောက်တစ်ခုကလည်း ထုတ်လုပ်စရိတ်ရဲ့ အောက်ကိုရောက်နေတဲ့ အခါမွေးမြူရေးသမားက အရှုံးပေါ်နေတယ်၊ တချို့ကျတော့ ဘယ်လိုမှပြန်ပြီး မထူထောင်နိုင်တော့ဘူး၊ ငွေကြေးအရင်းအနှီးလည်း မတတ်နိုင်ကြတော့ဘူး။ ပြည်နယ်ထဲမှာက တော်တော် နည်းသွားပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် မွေးမြူရေးလုပ်ငန်းတွေဟာ ဒီနှစ်အတွင်း ရာသီအကူအပြောင်းကြောင့် ရောဂါကျရောက်ပြီး ကြက်၊ ဝက်သေဆုံးတာတွေ ရှိခဲ့တဲ့အတွက် အရှုံးပေါ်ခဲ့သလို ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက် လာတဲ့ ကြက်၊ ဝက်တွေကြောင့်လည်း ဈေးကွက်အတွင်း ပြည်တွင်းမွေးမြူသူတွေ ဆက်လက်ရပ်တည်ဖို့ အခက်ကြုံနေရတာပါ။
မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကလည်း အာဏာသိမ်းပြီးနောက် မွေးမြူရေးလုပ်ငန်းအများစု အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် လုပ်ငန်းတွေ ရပ်နားလာကြသလို အမာခံမွေးမြူသူတွေကလည်း လုပ်ငန်းတွေ လျော့ကျလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မွေးမြူရေးအခြေအနေက အစာဖိုးကဈေးကြီးနေတယ်။ ဈေးကွက်ကျတော့ နိမ့်တဲ့အခါ မွေးမြူရေးသမားတွေက အရှုံးပေါ်နေတယ်။ ကြက်ဈေးကွက်က ဥပမာ (၆၅၀၀)လောက်မှ အရင်းရမှာ။ သူတို့တွေက (၆၀၀၀)အောက်ရောက်နေတော့ နည်းနည်းလေး ဂွကြနေတယ်။ ဝယ်လိုအားလည်း တစ်ဝက်လောက် လျော့သွားတယ်။ ဘယ်သူမှ မမွေးကြတော့ ငြိမ်နေကြတာပေါ့။ ဝယ်လက်ရှိမှဘဲ ထုတ်လုပ်တဲ့သူကလည်း ထုတ်လုပ်လို့ရမယ်ပေါ့နော်။ ဝယ်လက်မရှိတော့ မွေးတဲ့သူကလည်း လျော့သွားတာပေါ့။ အဝယ်မလိုက်တော့လည်း သူတို့လျော့ပြီး မွေးကြတဲ့သဘောပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ပြီး အရှုံးပေါ် နေတာကြောင့် မွေးမြူရေး လုပ်ငန်းအသစ် လုပ်ကိုင်သူတွေနဲ့ တိုးချဲ့လုပ်ကိုင်သူတွေ မရှိတော့သလို အရင်ကတည်းက လုပ်ကိုင်သူ တချို့တွေလည်း လုပ်ငန်းပြောင်းလဲ လုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။
မွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာတာကြောင့် မွေးမြူရေးလုပ်သားတွေရဲ့ အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းကလည်း ဆက်လက်မြင့်တက်လာသလို တချို့ မွေးမြူရေးလုပ်သားတွေကတော့ စားဝတ်နေရေးအတွက် တဖက်နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ကြက်၊ ဘဲ၊ ဝက် နဲ့ ငါးတို့ကို အဓိက မွေးမြူနေကြတာဖြစ်ပြီး ဆိတ်၊ နွားနဲ့ ငုံး မွေးမြူရေးလုပ်ငန်းတွေကိုတော့ တနိုင်တပိုင်လုပ်ကိုင်မှုရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းမှုဒဏ်ကို အလူးအလဲခံစားနေရသလို ဆက်လက် ရပ်တည်နိုင်ဖို့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်