မော်လမြိုင်၊ ဒီဇင်ဘာ (၂၁)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့မုဒုံမြို့နယ်တို့မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ တစ်ရက်တည်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မနက် ၁ နာရီကျော်အချိန်က မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရှမ်းစုရပ် အနောက်ပိုင်းနေ ဒေါ်လှသိန်းနေအိမ်ရဲ့ ဖယောင်းတိုင်မီးကတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် နေအိမ် ၁၃ လုံး အပါအဝင် ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးခဲ့တာပါ။
မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၆၉ ဦးကို ရှမ်းစုရပ် အောင်တော်မူကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနက် ၁၀ နာရီခွဲအချိန်ကလည်း မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ လေယာဉ်ကွင်းမှာ တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်မှုတော့ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဆိုပါတယ်။
နေ့လယ် ၁ နာရီလောက်မှာလည်း မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာ အလယ်ပိုင်းက နေအိမ်တစ်လုံးရှိ မီးဖိုမီးကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံးနဲ့ ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ အခုနှစ်ပွင့်လင်းရာသီမှာ မီးလောင်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားထားပြီး မီးလောင်မှုကြောင့် ကျပ်သိန်းပေါင်းထောင်နဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီ မီးသတ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်