နေပြည်တော် – ဒီဇင်ဘာ(၂၀)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုတွေ ထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှုတွေကို နောက်ရုံးချိန်မှာ အပြီးသတ် လျှောက်လဲချက် ပေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီနေ့ ရုံးချိန်းမှာ စွပ်စွဲခံရသူတွေဘက်က တင်သွင်းတဲ့ သက်သေ(၅)ဦးထဲက နောက်ဆုံးတစ်ဦး ကိုစစ်ဆေးပြီးစီးခဲ့တဲ့အတွက် နောက်ရုံးချိန်းမှာ နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ရဟတ်ယာဉ် ဝယ်ယူထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၅ နဲ့ တရားစွဲဆို ထားတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အမှုနဲ့ ပတ်သက်ပြီး အပြီးသတ်လျှောက်လဲချက်နဲ့ ရုံးချိန်းနှစ်ခုပဲကျန်တော့တဲ့ အတွက် အမှုအားလုံး အဆုံးသတ်ဖို့ ရှိနေပြီဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အမှု(၁၉) မှုနဲ့ တရားစွဲ ထားပြီး အဲဒီထဲက အမှု(၁၄)မှုအတွက် ထောင်ဒဏစ်(၂၆) နှစ်ချမှတ်ခံထားရကာ ကျန်တဲ့ အမှုငါးမှုအတွက် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။
နောက်ရုံးချိန်းကို လာမယ့် ဒီဇင်ဘာလ(၂၆) ရက်နေ့ ပြန်လည်ချိန်းဆိုထားပြီး အဲဒီနေ့မှာ အပြီးသတ်လျှောက်လဲချက်ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်