ဘီးလင်း၊ ဒီဇင်ဘာ (၁၈)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၅၈ ရွာရှိတဲ့အနက် ကျေးရွာပေါင်း ၃၀ လောက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလုပ်မယ့်သူ မရှိတော့ဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေက နုတ်ထွက်ဖို့ သတိပေးခံရတာ၊ သတင်းပေးဆောင်ရွက်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အုပ်ချုပ်ရေးမှူး လုပ်မယ့်သူနည်းပါးသွားတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းအပေါ်ဘက်ခြမ်းရွာတွေဖြစ်တဲ့ ရွှေရောင်ပြ၊ ခဲမောက်၊ ဝင်းပြန်၊ သပြေနီ၊ အလူးလေး၊ အလူးကြီး၊ နောင်ကတုတ်၊ ဝင်းတာပန်၊ လေးကေ၊ ကရဝေးဆိပ်၊ ဖိုးဝါးသိမ်အပါအဝင် ကျေးရွာပေါင်း ၃၀ လောက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ မရှိဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေမရှိတော့တဲ့ ကျေးရွာတွေကို ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပဲ ဆက်လက်အုပ်ချုပ်ထားတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။

နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေကြောင့် အုပ်ချုပ်ရေးမှူးလုပ်ဖို့ မဝံ့ရဲတော့တာကြောင့် နုတ်ထွက်လိုက်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမလုပ်လိုသူတွေဟာ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ နုတ်ထွက်စာတင်ထွက်ပေမယ့် နုတ်ထွက်ခွင့်မရတာကြောင့် နောက်ပိုင်းမှာ အဆက်အသွယ်မလုပ်ဘဲ နေထိုင်တာတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.