ဒီမော့ဆို – ဒီဇင်ဘာ(၁၇)

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်ထဲက စစ်ရေးတင်းမာနေတဲ့ သေးဆူးလဲ၊ကုန်းသာ၊ ဒေါငံခါး စတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက အင်အား(၁၅၀) ကျော် စစ်အင်အားဖြည့်ထား တယ်လို့ ကရင်နီသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီက အင်အား(၉၀) နီးပါးသာရှိတဲ့ နေရာတွေကို ထပ်မံအင်အားဖြည့်ပြီး တိုက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေလုပ်ဆောင်နေသလို ညစဉ် ကင်းထောက် လေယာဉ်တွေနဲ့ ကင်းထောက်နေတာကြောင့် ဒီရက်ပိုင်းတွေသတိထားပြီး တပ်လှန့်ထားတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တာဝန်ရှိသူ ကိုလင်းလင်းက ပြောပါတယ်။

“သူတို့အင်အားပိုဖြည့်ထားတာပေါ့နော်။နယ်မြေကတော့ခါတိုင်းလိုပါပဲ။သူတို့နဂိုကင်းပုန်းဝပ်တဲ့ နေရာတွေမှာပဲ။ဒါပေမယ့်အင်အားတွေဖြည့်တင်းထားတဲ့အတွက် ကျွန်တော်တို့ဘက်က ပိုပြီး သတိထားရတာပေါ့နော်။ အာရုဏ်ချိန်တို့၊ဝေလီဝေလင်းအချိန်တို့၊ ညသန်းခေါင်အချိန်တို့ ဝင်လာမှာဆိုးလို့ ပိုပြီးသတိထားနေရတာပေါ့။လေကြောင်းကနေတော့နေစဥ်ထောက်လှမ်းတယ်။ ညနေ ၅ နာရီဆိုရင် ဒရုန်းတွေတက်လာပြီ ။သူတို့ဘက်က ဒရုန်းတွေက ပိုကြာကြာပျံတယ်။ မနက် ၅ နာရီ ၆ နာရီလောက်ထိပျံတယ်။ ကင်းထောက်လေယာဥ်တွေရောပဲ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီနော့ဆို မြို့နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားတာ မရှိ သေးပေမယ့် စစ်ရေးတင်းမာနေတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၃) ရက်နေ့က ဒီမော့ဆိုမြို့နယ် စံပြ(၆) မိုင်နဲ့ ဘက်သလိန်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က (၃၀) လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ကသတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က သလိန်ကျေးရွာနဲ့ ဝမ့်လထွားကျေးရွာတွေကို ဝင်ရောက် မွှေနောက်တာတွေလုပ်ဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာကြောင့် ဒေါစဲကျေးရွာထဲကို လက်နက်ကြီး(၃)လုံးကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား(၁) ဦးသေဆုံးခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေဟာ ဖမ်းဆီးနှိပ်စက်တာ၊ လူ့အခွင့်အရေးချိုးဖောက် ခံရတာ တွေရှိနေတဲ့ အတွက် စစ်ဘေးရှောင်နေရသလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စောင့်ရှောက် မှုတွေ ခံယူနေရပါတယ်။

ကယားပြည်နယ်မှာ စစ်ဘေးရှောင်(၂) သိန်းဝန်းကျင်ရှိနေပြီး သူတို့တွေဟာ ဆောင်းရာသီ ရောက်ရှိ လာပြီဖြစ်တဲ့အတွက် အရေးပေါ်စောင်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.