မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၇)ရက်
စပိန်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူလည်း ဖြစ်တဲ့ အသင်းခေါင်းဆောင် ဘူးစကွက်စ်ဟာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ စပိန်လက်ရွေးစင်ကစားသမားအဖြစ် ၂၀၀၉ ခုနှစ်မှာ စတင် အရွေးချယ်ခံခဲ့ရတာ ဖြစ်ပြီး ၁၃ နှစ်အကြာမှာ နိုင်ငံအသင်း ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်တာပါ။
ဘူးစကွက်စ်ရဲ့ စပိန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ဘူးစကွက်စ်ကတော့ ဒီခရီးရှည်ကြီးမှာ လိုက်ပါပေးခဲ့တဲ့ သူတွေနဲ့ အခွင့်အရေးပေးခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အသင်းမှာ ပါဝင်ခွင့်ရတဲ့အွက် ဂုဏ်ယူမယ်လို့ သူရဲ့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
ဘူးစကွက်စ်ဟာ နိုင်ငံလက်ရွေးစင်အသင်း ကစားသမားဘဝမှာ စပိန်အသင်းအတွက် ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၁၂ ယူရိုဖလားတွေ ရယူနိုင်အောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်း ဝါရင့်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ စပိန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၃ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်