သရက်ချောင်း၊ ဒီဇင်ဘာ (၁၈)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနဲ့သင်းကျွန်းရွာကြား၊ ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ထားတဲ့ စစ်ခေါင်းဆောင်ဓါတ်ပုံလာဖျက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်း PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာ သပိတ်အဖွဲ့တွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ပုံတူနဲ့ တပ်ပျက်နေပြီးဆိုတဲ့ စာသားတွေရေးသားပြီး ဆန္ဒထုတ်ဖော်ထားတာ ဖြစ်ပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ထားတဲ့ ဓါတ်ပုံနဲ့စာသားတွေကိုဖျက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးလောက်ပါတဲ့ ကားတစ်စီးကို ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ သရက်ချောင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ မြေပြင်အခြေအနေအသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ သရက်ချောင်း PDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က နာရီဝက်နီးပါးအကြာ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို ထားဝယ်ဘက်အဆင်းလမ်းတလျှောက်မှာလည်း သေနတ်နဲ့ ပစ်ဖောက်တာတွေ လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် သရက်နှစ်ခွတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းကလည်း သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီးမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်