ရန်ကုန် ၊ ဒီဇင်ဘာ (၁၈)

အာဏာသိမ်းစစ်ကောင်စီက အဆင့်မြင့်တိုက်ခိုက်ရေးလေယာဉ်တွေကို တရားဝင်ထုတ်ပြလာတဲ့အ တွက် တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်တယ်လို့ CDM လေတပ်အရာရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာကျရောက်ခဲ့တဲ့ တပ်မတော်လေတပ်ရဲ့ ၇၅ နှစ်မြောက် အခမ်းအနားမှာ တပ်တော်ဝင်တဲ့ ပုံစံမျိုးနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို စစ်ကောင်စီဘက်က ထုတ်ပြလာတာပါ။

တပ်တော်ဝင်ခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်၊ ရဟတ်ယာဉ်တွေဟာ ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံထုတ် လေယာဉ်တွေပါရှိသလို စစ်ကောင်စီလေတပ်က ထုတ်လုပ်တဲ့လေယာဉ်တွေလည်း ပါဝင်ပါတယ်။

ရုရှားနိုင်ငံထုတ် စတုတ္တမျိုးဆက် Su-30 SME လေယာဉ်ဟာ စစ်ကောင်စီလေတပ်အတွက် ပထမဦးဆုံး စတင်အသုံးပြုတဲ့ ဘက်စုံသုံး အကြီးစားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ပြီးFTC 2000 လေယာဉ်ကလည်း ဘက်စုံသုံး အပေါ့စားတိုက်ခိုက်ရေးယာဉ်ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ်နဲ့ ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်တွေဖြစ်တဲ့ FT-7 နဲ့K-8W တို့ဟာ အမောင်းသင် ဂျက်တိုက်လေယာဉ်နဲ့ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်အမျိုးအစားဖြစ်ပြီး ဝေဟင်ကနေ ဝေဟင်စစ်ဆင်တာ၊ ဝေဟင်ကနေ မြေပြင် စစ်ဆင်တာနဲ့ အနီးကပ်လေကြောင်းပစ်ကူပေးတာတွေ စတာတွေကို စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်ကတော့ စစ်ကောင်စီတပ်မှာရှိတဲ့ စစ်လက်နက်တွေအားလုံးကို တိုက်ပွဲအတွင်း ထုတ်သုံးလာနိုင်တဲ့အတွက် EAOs တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စခန်းတည်ဆောက်ပုံတွေ နေရာချထားမှုတွေအပေါ် တန်ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်သင့်တယ်လို့ သုံးသပ်ပါတယ်။

“Su – 30 လို လေယာဉ်နဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွေအားလုံးကို နေပြည်တော်ကနေလာပြီး ဗုံးကြဲတာမျိုးတွေ ဆောင်ရွက်မယ်ဆိုလည်း ဆောင်ရွက်နိုင်တာပေါ့။ အဲဒီအတွက် ကျွန်တော်တို့က ကြိုတင်ပြီးပြင် ဆင်ရမယ်။ ကိုယ်တွေက PDF တွေရဲ့ စခန်းတည်ဆောက်ပုံ၊ လူတွေရဲ့ နေရာချထားပုံကအစ အဲဒီအ ပေါ်မှာ တန်ပြန်နိုင်ဖို့စဉ်းစားပြီး ဆောင်ရွက်သင့်တယ်။ ထိခိုက်နစ်နာမှုတွေကတော့ ကိုယ်တွေရဲ့ Awareness (အသိပညာပေးမှု)ပေါ်မူတည်ပြီး အနည်းအများ ဖြစ်သွားမယ်လို့ ယူဆရပါတယ်” လို့ သူကဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ မြေပြင်တိုက်ပွဲတွေအတွင်း စွမ်းဆောင်ရည်မဲ့လာချိန်မှာ လေကြောင်းပစ်ကူတွေကို အားကိုးပြီး သုံးနေရတဲ့အတွက် တပ်ဖွဲ့ဝင်တွေအားတက်ဖို့ စိတ်ဓာတ်စစ်ဆင်ရေးအရ တပ်တော်ဝင်ပုံစံနဲ့ ပြသတာလို့လည်း ဗိုလ်ကြီးဇေသူအောင်က ထပ်ပြောပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ စစ်ကောင်စီအနေနဲ့ ကင်းထောက်လေယာဉ်တွေ ဒရုန်းတွေနဲ့လှည့်ပြီး EAOs နဲ့ PDF တပ်ဖွဲ့တွေရဲ့ ဌာနချုပ်လို့ ယူဆရတဲ့ စခန်းတွေကို ထောက်လှမ်းတာတွေ ရှိနေတာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“အခုက ထစ်ခနဲဆို လေယာဉ်သုံးမယ်၊ တိုက်ပွဲမရှိလည်း လေယာဉ်သုံးပြီး ဗုံးကြဲတာက သူတို့ အရှေ့က ကင်းထောက်ပြီးတော့ ရန်သူစခန်းလို့ယူဆရတဲ့ နေရာမျိုးတွေမှာ ကြဲတာ။ အခုသူတို့မှာ လေယာဉ်အသစ်တွေ ပိုဝယ်ထားလာပြီ။ အဲဒီလေယာဉ်အသစ်တွေနဲ့ ကျိန်းသေအရေးကြီးတဲ့ ဌာနချုပ်လို့ ယူဆရတဲ့စခန်းတွေ သူတို့ဆီမှာ ပစ်မှတ်တွေမှတ်ပုံတင်ထားပြီးသွားပြီ။ ထပ်ပြီး သေချာအောင် ထောက်လှမ်းတဲ့ သဘောပဲရှိတယ်။ အဲဒီတော့ အဲဒါတွေကို ကျိန်းသေကြဲမှာ၊ ကျွန်တော်တို့ အဲဒါတွေကို သတိထားရမယ်”လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ဒေသကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေနဲ့လည်း စစ်အုပ်စုက ရင်ဆိုင်တိုက်ခိုက်နေရတာပါ။

မြေပြင်စစ်ရေးတိုက်ခိုက်မှုတွေမှာ အရေးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေကို ပိုမိုအားထား အသုံးပြုလာနေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုနဲ့ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုများလာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လေကြောင်းကိုအားပြုပြီး တိုက်ခိုက်နေတဲ့ စစ်အုပ်စုအနေနဲ့ တိုက်ပွဲအခြေအနေကို အဆုံးအဖြတ်ပေးနိုင်မှာ မဟုတ်သလို အခုလိုမျိုး လေယာဉ်သစ်တွေ ထုတ်ပြတာဟာ တပ်တွင်းစစ်ဆင်ရေးအတွက် စိတ်ဓာတ်ရေးရာ မြှင့်တင်ဖို့သာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“လေကြောင်းကို အဓိကအားပြုပြီး သုံးထားတဲ့ကိစ္စက ဘာမှသူတို့အတွက်တော့ (စစ်အုပ်စု) ထူးခြားလာစရာမရှိသလို စစ်ပွဲရဲ့ အခြေအနေကိုလည်း အဆုံးအဖြတ်ပေးနိုင်တဲ့ ပြောင်းလဲပေးနိုင်တဲ့ အနေ အထားမဟုတ်ဘူးလို့ ယူဆပါတယ်။ တကယ်တော့ ဒီဟာတွေထုတ်ပြတာဟာ သူ့တပ်တွေကို စိတ်ဓာတ်ရေးရာအရ မြှင့်တင်နိုင်ဖို့ အသုံးချတာဖြစ်ပြီး လက်တွေ့တိုက်ပွဲထဲမှာ လေကြောင်းစစ်ဆင်ရေးက အဆုံး အဖြတ်ပေးနိုင်တဲ့ စစ်ဆင်ရေးမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ဖို့ နိုင်ငံတကာကနေ လေယာဉ်ပစ်လက်နက်အကူအညီတွေ ရရှိဖို့ တောင်းဆိုထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ BURMA Act ကို ထည့်သွင်းပြဌာန်းခဲ့တဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) ကို လွှတ်တော်နှစ်ရပ်ကနေ အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် စစ်ကောင် စီကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ လေကြောင်းရန်ကာကွယ်တဲ့ နည်းစနစ်တွေ၊ ဆက်သွယ်ရေးနည်းပညာအကူအညီတွေ ရရှိဖို့မျှော်လင့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၄၀) နီးပါးပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ (၂၀၀) ကျော်ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရNUG က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.