လီမာ – ဒီဇင်ဘာ(၁၈)
သမ္မတ ပက်ဒရို ကတ်စတီးလို ရာထူးက ဖယ်ရှားဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် နိုင်ငံ အတွင်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး လူသေဆုံးမှုတွေကြောင့် ကက်ဘ်ိနက်အဖွဲ့ဝင်(၂) ဦး ရာထူးကနုတ်ထွက်ခဲ့တဲ့အတွက် ပီရူးနိုင်ငံရဲ့ အစိုးရသစ်မှာ ဖိအားတွေ မြင့်တက်လာပါတယ်။
ပညာရေးဝန်ကြီးနဲ့ ယဉ်ကျေးမှုဝန်ကြီးတို့က ဆူပူအုံကြွမှုတွေအတွင်း လူသေဆုံးခဲ့ရတဲ့အတွက် သူတို့ရဲ့ နုတ်ထွက်စာတွေကို တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ကြေညာခဲ့တာပါ။
“ဒီနေ့မနက်မှာ ပညာရေးဝန်ကြီးရာထူးကနေ ကျွန်ုပ် နုတ်ထွက်စာတင်ခဲ့ပါတယ်။ တစ်ပြည်ထဲ သားတွေ သေဆုံးရတာဟာ တရားမျှတမှုမရှိပါဘူး။ နိုင်ငံတော်ရဲ့ အကြမ်းဖက်မှုဟာ မမျှတတဲ့အတွက် လူအသေအပျောက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်” လို့ နှုတ်ထွက်စာတင်ခဲ့တဲ့ ပညာရေးဝန်ကြီးက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။
သမ္မတ ကက်စတီးလို ရာထူးကဖြုတ်ချခံရတာနဲ့ပတ်သက်ပြီး ဒေါသထွက်နေတဲ့ လူထုက ဆန္ဒပြ ခဲ့ကြပြီး ရွေးကောက်ပွဲတွေ၊ ကွန်ဂရက်လွှတ်တော် ပိတ်သိမ်းရေး ၊မဲဆန္ဒနယ်မြေ စည်းဝေးပွဲနဲ့ သမ္မတအသစ် နုတ်ထွက်ရေးတို့ကို တောင်းဆိုထားကြပါတယ်။
ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အနည်းဆုံးလူ(၁၇) ဦးသေဆုံးခဲ့ပြီး တိုက်ရိုက်မဟုတ်တဲ့ နည်းနဲ့ အနည်းဆုံးလူ(၅) ဦးနဲ့အထက်သေဆုံးနိုင်တယ်လို့ အာဏာပိုင်တွေက ပြောထားပြီး ကုလသမဂ္ဂ ကလည်း ဆန္ဒပြပွဲတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သေဆုံးရတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံရ တာတွေကို အလွန်စိုးရိမ်တယ်လို့ ပြောဆိုထားပါတယ်။
ပီရူးအစိုးရကတော့ နိုင်ငံခြားရေးဝန်ကြီးဟာ ကုလသမဂ္ဂ အဆင့်မြင့်ကော်မရှင်နဲ့ လာမယ့် ရက်ပိုင်းအတွင်း ပြည်တွင်းအခြေအနေတွေကို ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အဆိုအရ သမ္မတဟောင်း ကက်စတီးလိုကို တော်လှန်ပုန်ကန်မှုနဲ့ ပူးပေါင်းကြံစည်မှု စွဲချက်တွေနဲ့ (၁၈) လကြာထိန်းသိမ်းထားဖို့ တရားရုံးချုပ်က အမိန့်ပေးခဲ့ပြီး နောက် အရာချူချိုမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ ပြီး အနည်းဆုံး လူ(၈) ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ကက်စတီးလိုကတော့ စွဲချက်တွေကို ငြင်းဆိုထားပြီး သူဟာ နိုင်ငံရဲ့ တရားဝင်သမ္မတ အဖြစ်ဆက်ရှိနေတယ်လို့ ပြောပါတယ်။
ပီရူးနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ခေါင်းဆောင် တွေကလည်း အကျင့်ပျက်ခြစားမှုတွေနဲ့ စွပ်စွဲခံရတာ၊ မကြာခဏ စွဲချက်တင်ဖို့ ကြိုးပမ်းခံ ရတာတွေကြောင့် သမ္မတရာထူးတွေဟာ သက်တမ်းအနည်းငယ်သာ တာဝန်ထမ်းဆောင်ခဲ့ ကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆) ရက်နေ့က ပီရူးကွန်ဂရက်လွှတ်တော်ဟာ ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုချက်တစ်ခုဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ သမ္မတရွေးကောက်ပွဲတွေ ကျင်းပ နိုင်မယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဆိုပြုချက်တွေကို ပယ်ချထားပါတယ်။
အရာချူချိုမြို့မှာ ပြည်သူတွေသေဆုံးမှုအပြီး အသေးစိတ်အချက်အလက်တွေမဖော်ပြဘဲ တာဝန်ရှိသူကို ဆုံးဖြတ်ဖို့ ရာဇဝတ်မှုတိုင်ကြားချက်တစ်ခု တင်သွင်းခဲ့တယ်လို့ နိုင်ငံရဲ့ စုံစမ်း စစ်ဆေးရေးမှူးရုံးက ပြောဆိုခဲ့ပါတယ်။
သမ္မတအသစ်ရဲ့ အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၄) ရက်နေ့က အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ရဲတပ်ဖွဲ့ကို အထူးအာဏာပေးကာ လွတ်လပ်စွာ စုဝေးခွင့်တွေကို ကန့်သတ်ခဲ့ပေ မယ့် ဆန္ဒပြပွဲတွေကို တားဆီးဖို့ သက်ရောက်မှု အနည်းငယ်သာ ရှိနေတယ်လို့ သိရပါတယ်။
Ref: Reuters