မင်းတုန်း – ဒီဇင်ဘာ(၁၆)

မကွေးတိုင်း မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေး ဦးစိုးငြိမ်း ကို ဒီဇင်ဘာလ(၁၅) ရက်နေ့က သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ( EAGLE FORCE) က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉) ရက်နေ့က သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ( EAGLE FORCE) တပ်ဖွဲ့စခန်းကို ဦးစိုးငြိမ်းဆိုသူရဲ့ သတင်းပေးမှုကြောင့် ဝင်စီးခံခဲ့ရတာပါ။

အဲဒီဖြစ်စဉ်မှာ PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး လက်ပွကျေးရွာနဲ့ မှိုက်ကျေးရွာက ပြည်သူ (၄၀) ကျော်ဟာ စစ်ကောင်စီ ရဲ့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရကာ အဲဒီထဲက လက်ပွရွာသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ဦးစိုးငြိမ်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်သား(၁၀) ဦးဝန်းကျင်ပါတဲ့ ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ် ကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီကားပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုတာတွေရှိပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.