WASHINGTON, DC - AUGUST 6: The United States Capitol is seen on Capitol Hill on August 6, 2022 in Washington, DC. The U.S. Senate plans to work through the weekend to vote on amendments to the Inflation Reduction Act, expected to conclude on Sunday, August 7, 2022. (Photo by Anna Rose Layden/Getty Images)

ရန်ကုန် ၊ ဒီဇင်ဘာ (၁၇)

အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA) ဟာ နွေဦးတော်လှန်ရေးအတွက် ခြေလှမ်းသစ်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောဆိုလိုက် ပါတယ်။

ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေကို စစ်လက်နက်မဟုတ်တဲ့ နည်းပညာတွေ ထောက်ပံ့ပေးမယ့် အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA) ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အထက်လွှတ်တော်ကနေ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကို အမေရိကန်အောက်လွှတ်တော်ကနေ ဒီဇင်ဘာ ၈ ရက်နေ့မှာ မူကြမ်းကို အတည်ပြုခဲ့ပြီးနောက် အထက်လွှတ်တော်ကနေ ထောက်ခံမဲ ၈၃ မဲ၊ ကန့်ကွက်မဲ ၁၁ မဲနဲ့ ထပ်မံအတည်ပြုလိုက်တာ ဖြစ်ပါတယ်။

လွှတ်တော်နှစ်ခုကနေ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုးတာနဲ့ ၂၀၂၃ ကနေ ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွက် အကူအညီတွေရရှိတော့မှာပါ။

NDAA မှာ မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) ပါ အချက်အလက်တွေကို ထည့်သွင်းပြဌာန်းခဲ့တာဖြစ်ပြီး အများပြည်သူတွေကို ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအတိုင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာဆိုရင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်း EAOs တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တို့အတွက် စစ်လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေကို ထောက်ပံ့ပေးဖို့ ပါဝင်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကတော့ EAOs တွေကို အမည်နာမတပ်ပြီး ထောက်ခံမှုပြုတာဟာ ရခဲတဲ့အခွင့်အရေးဖြစ်ပြီး နွေဦးတော်လှန်ရေးအတွက် ခြေလှမ်းသစ်ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းက ကျွန်တော်တို့အပေါ် ဘယ်လောက်ထောက်ခံအားပေးလဲဆိုတာ အထူးသဖြင့် အမည်နာမတပ်ပြီး ထောက်ခံမှုပြုတယ်ဆိုတာ ရခဲတဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်။ ဆိုတော့ အဲဒီအပိုင်းမှာ စစ်ဘက်ဆိုင်ရာသုံးပစ္စည်းတွေနဲ့ တိုက်ရိုက်မဟုတ်သည့်တိုင်အောင် တော်လှန်ရေးအတွက် တကယ်လိုအပ်တဲ့ နည်းပညာတွေ၊ ကိုယ့်အဖွဲ့အချင်းချင်းကြား တိုးတက်အောင် ဘယ်လိုဆက်လုပ်ရမလဲ။ အချိတ်ဆက်မိမိ အလုပ်လုပ်သွားနိုင်မယ်၊ ရေရှည်အကျိုးအတွက် တည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် လိုအပ်တဲ့အုပ်ချုပ်မှုစနစ်အားလုံးကို နည်းပညာတွေ အများကြီးလိုအပ်ပါတယ်”လို့ သူက ဆိုပါတယ်။

NDAA အက်ဥပဒေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုCDM ပြုလုပ်သူတွေကိုလည်း ထောက်ပံ့ပေးမယ့်အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ အားပေးတဲ့ စစ်တပ်ကတပ်ဖွဲ့ဝင်ဟောင်းCDM ပြုလုပ်သူတွေနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေလည်း ထည့်သွင်းထားတာပါ။

မကွေးတိုင်း၊မြိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကလည်း တော်လှန်ရေးအတွက် လက်နက်အထောက်အပံ့မရသည့်တိုင် ငွေကြေးအထောက်အပံ့နဲ့ နည်းပညာအထောက်အပံ့တွေ ရရင် ပိုအောင် မြင်မယ်လို့ ပြောပါတယ်။

“ငွေကြေးက ဒေသရှိတောသူတောင်သားတွေဆီက ရတဲ့ဟာနဲ့ လုပ်နေရတာပေါ့။ နည်းပညာရော၊ငွေကြေးရောဆို ပိုကောင်းတာပေါ့။ နည်းပညာဆိုတာက လမ်းပြမယ့်သူတို့ ဘာတို့ မရှိနိုင်ဘူး။ သူတို့ရဲ့ (အမေရိကန်) နည်းပညာပိုင်းဆိုင်ရာပို့လာရင်တော့ လေ့လာလို့ရှိရင်တော့ အရင်တုန်းက ကိုယ်သိနေတာနဲ့ ထုတ်လုပ်နေတာထက်စာရင် အောင်အောင်မြင်မြင် ဖြစ်လနိုင်မှာပေါ့” လို့ သူက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုမှာ non-Lethal (မသေစေတဲ့အရာ) ပါတာကြောင့် တော်လှန်ရေးအတွက် စစ်ဘက်ဆိုင်ရာ နည်းပညာတွေ မျှော်လင့်လို့မရပေမယ့် လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ဆိုင်တဲ့ နည်းပညာတွေ ရရှိနိုင်တယ်လို့ ထောက်ပြကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေ NDAA ကို အတည်ပြုလိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

Burma Act ဟာ မြန်မာနိုင်ငံမှာ ရုန်းကန်နေရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်၊မျှော်လင့်ချက်နဲ့ အ ထောက်အပံ့တွေ ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို ကူညီထောက်ပံ့မှုနဲ့ ကာကွယ်မှုတွေ ပေးနေတဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့ကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ သတိပေးထားတယ်လို့ NDAA မှာပါတဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဥပဒေ (Burma Act) မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့အပေါင်းအပါတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ ဒဏ်ခတ်အရေးယူဖို့ အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) ကိုပါ အရေးယူဖို့ တိုက်တွန်းထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.