ရေးမြို့ – ဒီဇင်ဘာ(၁၆)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာလမ်းဝက စစ်ကောင်စီ အမြောက်တပ်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကလော့ကျေးရွာ လမ်းဝမှာ ရှိတဲ့ အမှတ်(၃၁၆)စစ်ကောင်စီ အမြောက်တပ်ကို ရေးဘီးလူးအဖွဲ့က ၄၀ မမတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တစ်နာရီနီးပါးအကြာ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်ကလည်း အဲဒီပစ်ခတ်မှုကို သူတို့အဖွဲ့ သွားရောက် လုပ်ဆောင်ခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။
ဒေသခံတွေအဆိုအရ စစ်ကောင်စီ အမြောက်တပ် တိုက်ခိုက်ခံရပေမယ့် စစ်ကောင်စီဘက်က တပ်အပြင် ထွက်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာ မရှိဘူးလို့ ဆိုပါတယ်။
ရေးမြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီတပ်တွေကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်