မင်္ဂလာပါရှင်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မောင်တောမြောက်ပိုင်းရှိ လယ်သမားများထံမှ AA ရိက္ခာအဖြစ် မတရားသိမ်းယူထားသည့် ဆန်များအား AA စခန်းသို့ သယ်ယူနေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့Ko Thet တယ်လီဂရမ်ကနေ ဒီဇင်ဘာလ (၁၆ )ရက်နေ့မှာ ဖြန့်ဝေတာတွေ့ရပါတယ်။

စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာအပြည့်အစုံမှာတော့”မောင်တောမြောက်ပိုင်းရှိ လယ်သမားများထံမှ AA ရိက္ခာအဖြစ် မတရားသိမ်းယူထားသည့် ဆန်များအား ဘူးသီးတောင်မြို့နယ်၊ ငမြင်းဘော်(ခမီး)ရွာရှိ AA စခန်းသို့ ရွာသားများအားပေါ်တာဆွဲကာ ပို့ဆောင်ခိုင်းနေကြောင်း သိရှိရသည်”ဆိုပြီး ဓာတ်ပုံတွေကို ဖြန့်ဝေခဲ့ကြတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ရက္ခိုင့်တပ်တော်ကစစ်သည်တွေက ပြည်သူတွေရဲ့ စပါးစိုက်ခင်းတွေကို ကူညီပြီး ရိတ်သိမ်းပေးနေခြင်းသာ ဖြစ်ပါတယ်။

ရက္ခိုင်ပြည်နယ်က မြို့နယ်အချို့ မှာ အချိန်မီချက်ချင်းရိတ်သိမ်းဖို့ လိုအပ်နေတဲ့ လယ်ကွင်းများမှ ရင့်မှည့်စပါးတွေကို ရက္ခိုင့်တပ်တော်က စစ်သည်တွေနဲ့ ULA အဖွဲ့ဝင်တွေက ကူညီပြီး ရိတ်သိမ်းပေးနေတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

ဒီစပါးစိုက်ခင်းတွေရဲ့ လယ်ပိုင်ရှင်တွေက စစ်ဘေးရှောင်များ ဖြစ်နေသောကြောင့် ကိုယ်တိုင်လာရောက်ရိတ်သိမ်းရန် မလွယ်ကူတဲ့ လယ်ကွင်းများကစပါးများကို မိမိတို့ ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့မှစ၍ စတင်ရိတ်သိမ်းပေးခဲ့တယ်လို့လည်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တယ်လီဂရမ်ချန်နယ်ကနေ ဒီဇင်ဘာလ (၆) ရက်မှာ သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

Khaing Thu Kha ရဲ့တယ်လီဂရမ်ချန်နယ် သတင်းထုတ်ပြန်ချက်မှာပါတဲ့ Video fileထဲက မှတ်တမ်းတွေကို တပ်ထောက်ခံသူအကောင့်တုတွေက Screenshot ရိုက်ယူကာ လယ်သမားတွေထံက AA က ရိက္ခာအဖြစ် ဆန်စပါးတွေကို မတရားသိမ်းယူနေသယောင် မဟုတ်မမှန် ရေးသားကာ Screenshot ဓာတ်ပုံတွေနဲ့တကွ သတင်းအမှားတွေကို ဖြန့်ဝေနေခြင်းသာ ဖြစ်တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မောင်တောမြောက်ပိုင်းရှိ လယ်သမားများထံမှ AA ရိက္ခာအဖြစ် မတရားသိမ်းယူထားသည့် ဆန်များအား AA စခန်းသို့ သယ်ယူနေ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.