ရန်ကုန်၊ ဒီဇင်ဘာ(၁၇)

စစ်ကောင်စီက ဖမ်းဆီးထားတဲ့သတင်းသမားတွေအနက်က သုံးဦးကို ဒီဇင်ဘာ ၁၆ရက်က နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ မိသားစုတွေထံမှသိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ (၁၁ )ရက်က ဖမ်းဆီးခံခဲ့ရတဲ့ သင်္ကန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝေလင်းယု၊တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို မနေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပေါက်ကွဲစေတတ်သောရုပ်ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ(၅)နဲ့စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တာပါ။

စစ်ကောင်စီဟာ မထက်ထက်အောင်ကို ရန်ကုန်မြို့ သာကေတမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးစဉ်က အသက်(၇)နှစ်အရွယ် သမီးငယ်ကိုပါဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာမှ ပြန်လွှတ်ပေးခဲ့တာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့တဲ့ အလွတ်တန်း သတင်းထောက်ကိုစိုးရာဇာထွန်းကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ (က) နဲ့ စစ်ကောင် စီက စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၄)နှစ်ချမှတ်လိုက်တယ်လို့လည်း သိရပါတယ်။

ကိုစိုးရာဇာထွန်းဟာ အာဏာသိမ်းမှု အစောပိုင်းကာလ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပွဲတွေကို သတင်းယူရင်း ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့ပြီးမှ သတင်း အလုပ်လုပ်ကိုင်နေရင်း ထပ်မံဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ သတင်းထောက်တွေကိုသာမက သတင်းဌာနတွေမှာ ရေးသားနေတဲ့ ဆောင်းပါး ရှင်တွေကိုပါ ဖမ်းဆီးနေတာဖြစ်ပြီး ဗွီအိုအေမြန်မာပိုင်းနဲ့ Frontier သတင်းဌာနတွေရဲ့ ပင်တိုင် ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကိုလည်း တပ်မတော် အကြည်အညိုပျက် စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ မှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ ၁မှု၊ ပေါင်း ၃ မှုနဲ့စစ်ကောင်စီက တရားစွဲဆိုခဲ့ပြီး စုစုပေါင်းထောင်ဒဏ် ၅ နှစ်ချခံထားရာကနေ ထပ်မံပြီးတော့ ဒီဇင်ဘာ ၉ရက်က အင်းစိန်ထောင်တွင်းအထူးတရားရုံးရဲ့ ဗိုလ်တထောင်ခရိုင်တရားရုံးတရားခွင်ကနေ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ ထောင်ဒဏ် (၇)နှစ် ထပ်မံချမှတ်ခဲ့လို့ စုစုပေါင်း ထောင်ဒဏ် (၁၂)နှစ် ချမှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင်ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားများစွာ ဖမ်းဆီးခံ၊ တရားစွဲခံခဲ့ရပါတယ်။

သတင်းသမားတွေ မှတ်တမ်းပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနှစ်နိုဝင်ဘာ လအထိ တစ်နိုင်ငံလုံးမှာ သတင်းသမားအယောက် ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီထဲက အယောက် ၉၀ ကျော်ပြန်လွတ်ခဲ့ပြီး လက်ရှိ သတင်းထောက် အယောက် ၅၀ နီးပါး အကျဉ်းထောင်အသီးသီးမှာ ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.