မော်လမြိုင် – ဒီဇင်ဘာ(၁၇)

စစ်ကောင်စီက ပြည်သူတွေကို ကျူးလွန်နေတဲ့ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ရနေတာ အဆုံးသတ်ပြီး နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC) အနေနဲ့ ချက်ချင်းအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် တလျှောက်လုံး စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးမယူရင် ပိုပြီးကြီးမားလာဖို့ပဲရှိတယ်လို့ SAC-M ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဆက်ပြီး လုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းက မြန်မာဗိုလ်ချုပ်တွေကို နိုင်ငံတ ကာရာဇဝတ်မှုခုံရုံးမှာအရေးယူပြီး ပြည်သူတွေအတွက် တရားမျှတမှုရရှိစေဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ မစ္စယန်ဟီးလီက ပြောပါတယ်။

SAC-M အနေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးဆိုတဲ့ စာတမ်း တစ်စောင်တင်ပြထားပြီး အဲဒီစာတမ်းထဲမှာ ၂၀၀၂ ခုနှစ်တည်းက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ရှင်းလင်းတင်ပြထားတယ်လို့ ဆိုထားတာပါ။

ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ ချိုးဖောက်မှုတွေကို ၂၀၁၈ ခုနှစ်တည်းက ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က စစ်ဆေးပြီး လူမျိုးတုံးသတ်ဖြတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ဗိုလ်ချုပ်တွေကို တရားစွဲဖို့တောင်းဆိုထားတယ်လို့ SAC-M က ပြောထားပါတယ်။

မြန်မာပြည်သူတွေကို စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ချက်ချင်းအရေးယူတရားစွဲ နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ လည်း SAC-M က အသိပေးထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.